ဗလာဒီမာပူတင်နှင့် ဒေါ်နယ်ထရမ့်တို့ ဖေဖော်ဝါရီလ အကုန်ပိုင်းတွင် တွေ့ဆုံနိုင်ဟုဆို
မော်စကို၊ နိုင်ငံရေး
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ဖေဖော်ဝါရီလ အကုန်ပိုင်းတွင် တွေ့ဆုံနိုင်သည်ဟု ရုရှားအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ဖေဖော်ဝါရီလ၁၉ ရက်တွင် ပြောသည်။
သို့သော် ခေါင်းဆောင်နှစ်ဦး၏ တွေ့ဆုံမှုသည် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှစ၍ ရုရှားနှင့် အမေရိကန်တို့ကြား ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံမှုဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်ရန် အချိန်ပိုမိုကြာမြင့်နိုင်ကြောင်း ပက်စကော့က ဆက်ပြောသည်။
မိမိအနေဖြင့် သမ္မတဗလာဒီမာပူတင်နှင့် ယခုလအတွင်း တွေ့ဆုံဖွယ်ရှိသည်ဟု ထရမ့်က ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပြောကြားခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပသည့် အမေရိကန်-ရုရှားဆွေးနွေးမှု၌ ယူကရိန်းကပါဝင်မှုမရရှိခြင်းနှင့် ပတ်သက်၍ ယူကရိန်းအစိုးရ၏ စိုးရိမ်မှုကို ပယ်ချခဲ့ကြောင်း သိရသည်။
ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားအစိုးရနှင့် သဘောတူညီချက်တစ်ရပ်ကို အစောပိုင်းကတည်းက ချမှတ်နိုင်ရန် အခွင့်အရေးရှိခဲ့သော်လည်း ထိုသို့သဘောတူညီချက်ရရှိစေရန် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဟု ထရမ့်က ဆက်လက်ပြောကြားသည်။
အမေရိကန်နှင့် ရုရှားအရာရှိကြီးများကြား ဆော်ဒီအာရေဗျနိုင်ငံ ရီယက်မြို့၌ တွေ့ဆုံဆွေးနွေးမှုသည် နှစ်နိုင်ငံကြား ဆက်ဆံရေးအပေါ် အဓိကအာရုံစိုက် လုပ်ဆောင်ခြင်းဖြစ်သော်လည်း ၎င်းဆွေးနွေးမှုသည် ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရေးအတွက် အလွန့်အလွန် အရေးကြီးသော ခြေလှမ်းတစ်ရပ်လည်း ဖြစ်ကြောင်း ပက်စကော့က ဆက်လက် ပြောကြားထားကြောင်း သိရသည်။
Source: Myawady Web Portal