အာဏာဆက်လက်ရယူရန် ကြိုးစားခဲ့သည့် ဘရာဇီးသမ္မတဟောင်းကို တရားစွဲ
၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း သမ္မတဟောင်း ဂျားဘော်ဆိုနာရိုကို အာဏာဆက်လက်ရယူရန် ကြိုးပမ်းမှုဖြင့် ဘရာဇီး အစိုးရရှေ့နေချုပ်က စွဲချက်တင်ထားသည်။ အဆိုပါစွဲချက်များတွင် ၎င်း၏ နေရာကိုဆက်ခံသူ သမ္မတ လူဝစ်အင်နာစီယိုလူလာဒါဆီဗာ ကို လုပ်ကြံရန် ကြံစည်မှုလည်းပါဝင်နေပါသည်။
၂၀၂၂ခုနှစ်၊ အောက်တိုဘာ ရွေးကောက်ပွဲတွင် လူလာ က ဘောဆိုနာရို ကို မဲအရေအတွက်အနည်းငယ်အသာဖြင့် အနိုင်ရပြီးနောက် ဘရာဇီး သမ္မတအဖြစ် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလတွင် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ ရသည်။ ရွေးကောက်ပွဲပြီးသွားပြီးနောက်ပိုင်း ဥပဒေအရ သမ္မတအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ခွင့်ရှိနေသေးသည့် ဘော်ဆိုနာရိုက မဲလိမ်မှုပြဿနာကိုအကြောင်းပြကာ နိုင်ငံတော်အာဏာကို ဆက်လက် ရယူထားနိုင်ရန်ကြိုးပမ်းမှုများ လုပ်ဆောင်လာခဲ့သည်။
အစိုးရရှေ့နေချုပ် ပေါ်လိုဂိုနတ်က ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖမ်းဆီးခံခဲ့ရသော သမ္မတဟောင်းနှင့် ၎င်း၏လက်တွဲဖော် ဗိုလ်ချုပ်ကြီး ဝေါ်တာ ဘရာဂါနတ်တို့သည် နိုင်ငံကို သိမ်းပိုက်ရန်စီစဉ်နေသည့် ရာဇဝတ်မှု ဆိုင်ရာအဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေကြောင်း ဖေဖော်ဝါရီ ၁၈ ရက် တွင် ပြောကြားခဲ့ပြီး စွဲချက်များတွင် လက်ရှိသမ္မတကို အဆိပ်ခတ်ရန် ကြံစည်မှုနှင့် တရားရုံးချုပ် တရားသူကြီး အလက်ဇန်ဒါဒီမိုရေး ကို လုပ်ကြံရန်ကြံစည်မှုလည်း ပါဝင်နေသည်။
ဘောဆိုနာရို၏ အမျိုးသားလုံခြုံရေးအကြံပေးဟောင်း၊ အငြိမ်းစား ဗိုလ်ချုပ် ဩဂတ်စတိုလန်နို နှင့် ရေတပ်ဦးစီးမှူးဟောင်း ဗိုလ်ချုပ်ကြီး ဂါနီယာဆန်းတို တို့အပါအဝင် စစ်ဘက်အရာရှိ စုစုပေါင်း ၃၄ ဦးကို လုပ်ကြံမှုအတွက် တရားစွဲဆိုထားကြောင်း သတင်းရရှိပါသည်။ ဘောဆို နာရို၏ ရှေ့နေများက စွဲချက်များအားငြင်းဆိုခဲ့ကာ အဆိုပါ စွပ်စွဲချက် များသည် စိတ်ပျက်ဒေါသထွက်စရာဖြစ်နေကြောင်း ပြောဆိုထားပြီး သမ္မတဟောင်းက ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ဖြိုဖျက်ရန် ရည်ရွယ်သည့် မည်သည့်လှုပ်ရှားမှုကိုမျှ သဘောတူခဲ့ခြင်း မရှိကြောင်း၊ သမ္မတဟောင်းအားစွပ်စွဲထားသည့် ၎င်းအား ပံ့ပိုးပေးသည့် အဖွဲ့အစည်းများလည်း မရှိကြောင်း အခိုင်အမာပြောကြားထားပါသည်။
ကိုးကား-Myanmar National Post