ရုရှားနှင့် အီသီယိုးပီးယားတို့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံ လက်မှတ်ရေးထိုး

News Image

  • ရုရှားနှင့် အီသီယိုးပီးယားတို့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံ လက်မှတ်ရေးထိုး

ရုရှားနှင့် အီသီယိုးပီးယားတို့သည် “ငြိမ်းချမ်းရေးရည်ရွယ်ချက်များ” အတွက် နျူကလီးယားနည်းပညာများအသုံးပြုရာတွင် ပူးပေါင်းဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်စေရန် သဘောတူညီခဲ့ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ရုရှားအစိုးရ၏ Telegram ချန်နယ်တွင် ဖော်ပြထားချက်အရ သိရသည်။

အရှေ့အာဖရိကနိုင်ငံ၏ မြို့တော် အဒီစ်အဘာဘာတွင် ရုရှား၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Maksim Reshetnikov နှင့် အီသီယိုးပီးယား၏ ဆန်းသစ်တီထွင်မှုနှင့်နည်းပညာဆိုင်ရာဝန်ကြီး Belete Molla တို့အကြား ဆွေးနွေးမှုများပြုလုပ်ခဲ့စဉ် ထိုသဘောတူညီချက်ကို ရရှိခဲ့သည်။

ထို့အပြင် တာဝန်ရှိသူများသည် ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် ခရီးသွား လုပ်ငန်းအပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံဆက်ဆံရေး ချဲ့ထွင်ရန်နှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ ပညာရေးနှင့် ဆေးဘက်ဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ အကောင်အထည်ဖော်နိုင်ခြင်းရှိ၊ မရှိကိုလည်း ဆွေးနွေးခဲ့ကြောင်း မော်စကို၏ သတင်းရင်းမြစ်များအရ သိရသည်။

ထုတ်ပြန်ချက်အရ၊ အစည်းအဝေးအတွင်း လမ်းညွှန်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ပြီး၊ “အီသီယိုးပီးယားတွင် နျူကလီးယားစွမ်းအင် ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာများကို အကဲဖြတ်ရန်နှင့် နျူကလီးယား အခြေခံအဆောက်အအုံနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ” ကို ရေးဆွဲခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-RT