ကွန်ဆာဗေးတစ်နိုင်ငံရေးညီလာခံသို့ သစ်ခုတ်လွှစက်ကိုင်ဆောင်၍ အီလွန်မတ် တက်ရောက်
အမေရိကန်ဖက်ဒရယ်အစိုးရ၏ ငွေကြေးအသုံးစရိတ်များကို လျှော့ချရန် သမ္မတထရမ့်၏ တာဝန်ပေးအပ်ခြင်းခံထားရသော ဘီလီယံနာ အီလွန်မတ် သည် ဗာဂျီးနီးယားပြည်နယ်၊ နေရှင်နယ်ဆိပ်ကမ်းတွင် ကျင်းပသည့် ကွန်ဆာဗေးတစ်နိုင်ငံရေးညီလာခံ စင်မြင့်ပေါ်သို့ တက်ရောက်ခဲ့ရာတွင် အာဂျင်တီးနားနိုင်ငံသမ္မတ ဇေဗီယာမီလီထံမှ လက်ဆောင်ရရှိထားသည့် သစ်ခုတ်လွှစက်တစ်ခုကို လက်ဖြင့်ကိုင်ဆောင်လာခဲ့သည်။
“ဒါဟာ ဗျူရိုကရေစီယန္တရားကို ဖြတ်တောက်ပစ်မယ့် လွှစက်ပါ” ဟုလည်း အီလွန်မတ်က ပြောကြားခဲ့သည်။
အာဂျင်တီးနားနိုင်ငံသမ္မတ ဇေဗီယာမီလီက မတ်အား လက်ဆောင်အဖြစ်ပေးအပ်ခဲ့သော အနီရောင် သစ်ခုတ်လွှစက်တွင် “လွတ်လပ်ရေး အသက်ရှည်ပါစေ (Viva la libertad, carajo)” ဟု ရေးထွင်းထားသည်။ အီလွန်မတ်သည် မီလီ သမ္မတမဖြစ်မီကတည်းက ထောက်ခံအားပေးခဲ့သူဖြစ်သည်။
အီလွန်မတ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လမ်းညွှန်မှုဖြင့် ဘဏ်လုပ်ငန်းဝန်ထမ်းများ၊ သစ်တောလုပ်သားများ၊ ဒုံးပျံသိပ္ပံပညာရှင်များနှင့် အစိုးရဝန်ထမ်းများစွာအပေါ် ပစ်မှတ်ထား၍ မလိုအပ်သည်တို့ကို ထိထိရောက်ရောက်လျှော့ချမှုများကို ဦးဆောင်လျက်ရှိသည်။ ယမန်နေ့ကလည်း အမေရိကန်အခွန်ဌာန(IRS) မှ ဝန်ထမ်း ၆,၀၀၀ ခန့်အား အလုပ်ထုတ်ပစ်မည်ဟု အီလွန်မတ်က အသိပေးခဲ့ကြောင်း ယင်းကိစ္စရပ်နှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။
Source: Popular Myanmar