အသံထက်မြန်ဒုံးကျည်များသယ်ဆောင်နိုင်သည့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စင်းကို တရုတ်တည်ဆောက်ဟုဆို
တရုတ်နိုင်ငံသည် အသံထက်မြန်ဒုံးကျည်များကို သယ်ဆောင်နိုင်သည့် တိုက်ခိုက်ရေးရေငုပ်သင်္ဘောတစ်စင်းကို တည်ဆောက်လျက်ရှိသည်ဟု အရင်းအမြစ်တစ်ခု၏ ပြောကြားချက်ကို ကိုးကား၍ South China Morning Post သတင်းစာက ဖေဖော်ဝါရီလ ၂၃ ရက်တွင်ဖော်ပြသည်။
အဆိုပါရေငုပ်သင်္ဘောသစ်ကို ဝူဟန်သင်္ဘောကျင်းတွင် တည်ဆောက်နေခြင်းဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံအတွင်း၌ ဖြန့်ကြက်ထားသည့် တာလတ်ပစ်ဒုံးကျည်များကို တိုက်ခိုက်ဟန့်တားရာတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတည်ဆောက်နေသည့် ရေငုပ်သင်္ဘောသစ်တွင် နည်းပညာအမြင့်မားဆုံး အသံထက်မြန် ဒုံးကျည်များတပ်ဆင်မည်ဖြစ်ပြီး ဒေသတွင်း၌ ပြည်ပနိုင်ငံများ၏စစ်ရေးအရ ပါဝင်နေခြင်းကို တန်ပြန်နိုင်ရန်အတွက် ၎င်းသင်္ဘောသစ်အား တည်ဆောက်နေခြင်းဖြစ်ကြောင်း South China Morning Post သတင်းစာတွင် ဖော်ပြထားသည်။
ဒေသတွင်း၌ ပြည်ပနိုင်ငံများ၏ စစ်ရေးအရပါဝင်နေခြင်းသည် အမေရိကန်က ဖိလစ်ပိုင်နိုင်ငံတွင် Typhoon ဒုံးကျည်ပစ်စင်များကိုဖြန့်ကြက်ထားခြင်းနှင့် ဖိလစ်ပိုင်နှင့် အမေရိကန်တို့ကြား ၂၀၂၄ ခုနှစ် ဧပြီလအတွင်းက လူဇွန်ကျွန်း၌လုပ်ဆောင်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် အဆိုပါရေငုပ်သင်္ဘောသစ်တည်ဆောက်နေခြင်းနှင့် စပ်လျဉ်း၍ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က တရားဝင်အတည်ပြုထားခြင်း မရှိသေးကြောင်း သိရသည်။
Ref: Ivt
Source: Myawady Web Portal