(၁၁) ကြိမ်မြောက် (ACMEC) အက်ခ်မက်ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပသွားမည်
ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMEC) အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသော မြန်မာနိုင်ငံအနေဖြင့် (၁၁) ကြိမ်မြောက် အက်ခ်မက်ထိပ်သီးအစည်းအဝေးကို ဦးဆောင်ကျင်းပသွားရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပထမအကြိမ်အက်ခ်မက် ထိပ်သီးအစည်းအဝေးကို ၂၀၀၃ ခုနှစ်က ပုဂံမြို့တွင် ကျင်းပခဲ့သလို (၆) ကြိမ်မြောက် အက်ခ်မက်ထိပ်သီးအစည်းအဝေးကိုလည်း ၂၀၁၅ ခုနှစ်တွင် နေပြည်တော်၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီးဖြစ်သည်။
ယခုအခါ အဆိုပါ ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMEC) အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက တရုတ်နိုင်ငံကူမင်းမြို့၌ ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် အက်ခ်မက်ထိပ်သီးအစည်းအဝေးတွင် လာအိုနိုင်ငံထံမှ လွှဲပြောင်းလက်ခံခဲ့ခြင်းဖြစ်သည်။
အဆိုပါ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင်ရေးနှင့်ပတ်သက်၍ ဝန်ကြီးဌာနများ၏ အခန်း ကဏ္ဍနှင့် ပေါင်းစပ်ညှိနှိုင်းမှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပသွားမည့် (၁၁) ကြိမ်မြောက် အက်ခ်မက်ထိပ်သီးအစည်းအဝေးခေါင်းစဉ် (Theme) အဖြစ် “Strengthening Socio-Economic Development towards Smart and Sustainable ACMECS” (လူမှုစီးပွားဖွံ့ဖြိုးရေးကို တိုးမြှင့်ဖော်ဆောင်ကာ ခေတ်မီ၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော အက်ခ်မက်ဒေသ တည်ဆောက်ကြပါစို့) ကို အတည်ပြုရွေးချယ်ထားပြီးဖြစ်ကြောင်း ပြောကြားသည်။
အလားတူ မြန်မာနိုင်ငံအနေဖြင့် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားနိုင်ရန်ရည်ရွယ်၍ ယခု အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည့် စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး၊ သစ်တောသယံဇာတများကို အရည်အသွေးမြင့် လူသုံးကုန်ပစ္စည်းများအဖြစ် တိုးမြှင့်ထုတ်လုပ်ရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ကို အလေးထားဆောင်ရွက်မည့် နယ်ပယ်များ အဖြစ် သတ်မှတ်ထားရှိပြီး ဦးစားပေးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲသည် အက်ခ်မက် လုပ်ငန်းစဉ်အောက်ရှိ ဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်သည့် အတွေ့အကြုံများ၊ စိန်ခေါ်မှု များနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ရန် အခွင့်အရေးကောင်းတစ်ခုဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် စုံညီဆွေးနွေးပွဲအစီအစဉ်တွင် ဒုတိယဝန်ကြီး ဦးလွင်ဦးက မြန်မာနိုင်ငံမှ အက်ခ်မက်အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမည့်အစည်းအဝေးများနှင့် အစီအစဉ်များ၊ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် မျှော်မှန်းရလဒ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဆွေးနွေးပွဲတက်ရောက်လာကြသူများက အက်ခ်မက် ပူးပေါင်းဆောင်ရွက်မှုအောက်တွင် ဆောင်ရွက်လျက်ရှိသည့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ၊ အက်ခ်မက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် မြန်မာနိုင်ငံက လက်တွေ့ဆောင်ရွက်သွားနိုင်မည့် စီမံကိန်းများနှင့် အစီအစဉ်များ၊ မြန်မာနိုင်ငံက အက်ခ်မက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ပူးပေါင်းဆောင်ရွက်မှုများနှင့် ပေါင်းစပ်ညှိနှိုင်းမှုများ ထိရောက်စွာဆောင်ရွက်သွားနိုင်ရေး၊ အက်ခ်မက်စီမံကိန်းများနှင့် အစီအစဉ်များကို ထိရောက်စွာ ရေးဆွဲအကောင်အထည်ဖော်နိုင်ရေးနှင့် အက်ခ်မက်အလှည့်ကျဥက္ကဋ္ဌတာဝန် အောင်မြင်စွာထမ်းဆောင်နိုင်ရေး ဝန်ကြီးဌာနများ၏ အခန်းကဏ္ဍနှင့် ပေါင်းစပ်ညှိနှိုင်းမှု ဆက်လက်မြှင့်တင်သွားရေးတို့ကို ဆွေးနွေးကြသည်။
ဆွေးနွးပွဲအပြီးတွင် ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် အက်ခ်မက် ပူးပေါင်းဆောင်ရွက်မှု မဏ္ဍိုင် (၃)ခု အောက်တွင်ရှိသည့် ဦးစားပေးစီမံကိန်းများနှင့် လုပ်ငန်းအစီအစဉ်များကို ပြည်တွင်းလုပ်ငန်းစဉ် များနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ၏ ရလဒ်များကို ဆက်လက်အကောင်အထည်ဖော်ခြင်းဖြင့် မိမိတို့နိုင်ငံနှင့် ဒေသတွင်း ရေရှည်အကျိုးစီးပွားဖြစ်ထွန်းစေမည့်အစီအစဉ်များ ချမှတ်ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ အက်ခ်မက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို တာဝန်ယူထားသည့် ဝန်ကြီးဌာန ၂၀ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
ကိုးကား- MHTNEWS