မိမိနိုင်ငံ အကျိုးအမြတ်ရှိမည်ဆိုပါက ပြည်ပကုမ္ပဏီများ ပြန်လည် ဝင်ရောက်ခွင့်ပြုမည်ဟု ရုရှားဒုတိယဝန်ကြီးချုပ် ပြောကြား
မိမိနိုင်ငံ အကျိုးအမြတ်ရှိမည်ဆိုပါက နိုင်ငံခြားကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံ သူများကိုရုရှားသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် အလက်ဇန်ဒါးနိုဗက်က ရုရှားနိုင်ငံပိုင်သတင်းဌာန ဖြစ်သည့် TASS ကို ပြောကြားလိုက်သည်။
နိုင်ငံခြားကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများ ပြန်လည်ဝင်ရောက်မှုမှာ မိမိတို့အတွက် အကျိုးရှိပါကြောင်း၊ အမျိုးသားအကျိုးစီးပွားကို အခြေခံပြီး တိကျစွာ လုပ်ဆောင်ရပါမည်ဖြစ်ပြီး လစ်ဟာနေသည့် နေရာအများအပြားကို ရုရှားထုတ်လုပ်သူများ သို့မဟုတ် မိတ်ဖက်နိုင်ငံများမှ ပါတနာများ အတွက် အဆင်သင့်လျာထားပါကြောင်း နိုဗက်က အလေးပေးပြောကြား ခဲ့ပါသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီတွင် ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲသဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုအများအပြား ရုရှားမှ ထွက်ခွာခဲ့ရာ ယခုအခါ ရုရှား အစိုးရအနေဖြင့် ပြည်တွင်းထုတ်လုပ်သူများနှင့် မိတ်ဖက်နိုင်ငံများမှ ပါတနာများကို အားပေးထောက်ခံရန် အလေးပေးလုပ်ဆောင်လျက် ရှိနေပါသည်။
ကိုးကား- TASS