အနောက်ဘက်ကမ်းခြေတွင် စစ်ဆင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အစ္စရေးဝန်ကြီးချုပ် အမိန့်ပေး

News Image

  • အနောက်ဘက်ကမ်းခြေတွင် စစ်ဆင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အစ္စရေးဝန်ကြီးချုပ် အမိန့်ပေး

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် အနောက်ဘက်ကမ်းခြေတွင် စစ်ဆင်ရေးလုပ်ငန်းများလုပ်ဆောင်ရန် အစ္စရေးစစ်တပ်ကို အမိန့်ပေးလိုက်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၀ ရက်က အစ္စရေးနိုင်ငံ တဲအဲဗစ် မြို့ကို မောင်းနှင်လာသည့် ဘတ်စ်ကားပေါ်တွင် ပေါက်ကွဲမှု ဖြစ်လာခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုသည် အနောက်ဘက်ကမ်းခြေကို စစ်ဆင်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဘတ်စ်ကားပေါ်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုသည် လူအများပြား သေဆုံးစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း မျိုးဖြစ်ကြောင်း ပြောသည်။

တဲအဲဗစ်မြို့အစွန်ရှိ အစ္စရေး ဆင်ခြေဖုံးရပ်ကွက်နားက ဘတ်စ်ကား သုံးစီးပေါ်တွင် ပေါက်ကွဲမှုများ ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ပေါက်ကွဲ စေသောပစ္စည်းများကိုလည်း ဘတ်စ်ကားတစ်စီးအပေါ်တွင် ထပ်မံတွေ့ရှိ ခဲ့ ကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ဘတ်စ်ကားများပေါ်တွင် လူများမရှိသည့်အတွက် အသက်သေဆုံးခြင်းများ မရှိခဲ့ကြောင်း သိရသည်။ အစ္စရေး စစ်တပ်က လက်ရှိအချိန်တွင် ဘက်စ်ကားများပေါ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အစ္စရေးစုံစမ်းထောက်လှမ်းရေးအဖွဲ့က စုံစမ်း စစ်ဆေးနေကြောင်းပြောသည်။ ဘတ်စ်ကားများပေါ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး ဝန်ခံထားသည့် လက်နက်ကိုင်အဖွဲ့အစည်း မရှိသေးကြောင်း သိရသည်။

အစ္စရေးဝန်ကြီးချုပ်သည် ဘတ်စ်ကား သုံးစီးပေါ်တွင်ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၁ ရက်တွင် အစ္စရေး ထောက်လှမ်းရေးအကြီးအကဲ၊ အစ္စရေးရဲတပ်ဖွဲ့အကြီးအကဲ၊ အစ္စရေး စစ်တပ်အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ အစ္စရေး ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပေါက်ကွဲစေသော ပစ္စည်းများသည် အချိန်ကိုက်ပြုလုပ်ထားသည့်ဗုံးများဖြစ်ပြီး လူအများ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ပစ်မှတ်ထားကာ တိုက်ခိုက်ခြင်းမျိုး ဖြစ်ကြောင်း သတင်းများအရ သိရှိရပါသည်။

ကိုးကား- NP News