မော်စကိုတွင်ကျင်းပမည့် အခမ်းအနားသို့ ဒေါ်နယ်ထရမ့် တက်ရောက်မည်မဟုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မော်စကိုမြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသော ဒုတိယကမ္ဘာစစ်အောင်ပွဲခံအခမ်းအနားသို့ တက်ရောက်ရန် အစီအစဉ်မရှိဟု ငြင်းဆိုခဲ့သည်။ ထိုကြေညာချက်သည် အမေရိကန်နှင့် ရုရှားတို့ ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် တိုက်ရိုက်ဆွေးနွေးမှုများ ပြန်လည်စတင်ချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုခရီးစဉ်နှင့်ပတ်သက်၍ ထရမ့်က သတင်းထောက်များနှင့်တွေ့ဆုံစဉ် “သွားရောက်မည်မဟုတ်” ဟု ပြောကြားခဲ့ကြောင်း The Times သတင်းစာ က ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်ကလည်း ထရမ့် လာရောက်မည့်ခရီးစဉ် အစီအစဉ်မရှိဟု ပြောဆိုခဲ့သည်။
နိုင်ငံတော်ခေါင်းဆောင်များ၊ သံတမန်များနှင့် အခြားနိုင်ငံခြား ကိုယ်စားလှယ်များသည် နှစ်စဉ် မေလ ၉ ရက်နေ့တွင် မော်စကိုမြို့၊ ရင်ပြင်နီ၌ကျင်းပသော အဆိုပါအခမ်းအနားသို့ လာရောက်လေ့ရှိပြီး စစ်ရေးပြ အခမ်းအနားအပြီးတွင် ကရင်မလင်တံတိုင်းအပြင်ဘက်ရှိ အမည်မသိ စစ်သည်တော်ဂူဗိမ္မာန်တွင် ပန်းခွေချအလေးပြုကြသည်။ နောက်ဆုံး ထိုအခမ်းအနားသို့ တက်ရောက်ခဲ့သော အမေရိကန်သမ္မတမှာ ၂၀၀၅ ခုနှစ် တွင်ကျင်းပခဲ့သော နာဇီဂျာမနီနှင့် ၎င်း၏မဟာမိတ်များကို အနိုင်ရခဲ့သည့် ၆၀ နှစ်မြောက် အထိမ်းအမှတ်အောင်ပွဲခံအခမ်းအနားသို့ တက်ရောက် ခဲ့သော ဂျော့ခ်ျဒဗလျူဘုရှ် ဖြစ်သည်။
အဆိုပါလအစောပိုင်းက ထရမ့်၏ ခရီးစဉ်ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ ပက်စကိုဗ်က ပူတင်သည် မော်စကိုတွင် ကမ္ဘာ့ခေါင်းဆောင်များနှင့် တွေ့ဆုံရပါက “လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်မည်” ဟု ပြောကြား ခဲ့သည်။
ကိုးကား-RT