တောင်အာရှနိုင်ငံများ၏ နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲများအတွက် USAID ၏ ပါဝင်ပတ်သက်မှုကို DOGE ဖော်ပြ

News Image

  • တောင်အာရှနိုင်ငံများ၏ နိုင်ငံရေးဖြစ်စဉ် အပြောင်းအလဲများအတွက် USAID ၏ ပါဝင်ပတ်သက်မှုကို DOGE ဖော်ပြ

Elon Musk ၏ DOGE မှ USAID အသုံးစရိတ်များကို စစ်ဆေး ဖော်ထုတ်ချက်များအရ အမေရိကန်အခြေစိုက် ရွေးကောက်ပွဲနှင့်နိုင်ငံရေး လုပ်ငန်းစဉ် များ အားကောင်းရေးအဖွဲ့အစည်း (CEPPS) သို့ ပေးအပ်သည့် ငွေကြေးများတွင် တောင်အာရှနိုင်ငံများ၏ နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှုများတွင် ပံ့ပိုးထောက်ပံ့ပေးခဲ့သည့် အချက်အလက်များကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။

USAID မှ ထောက်ပံ့ပေးခဲ့မှုများတွင် အိန္ဒိယရှိ မဲဆန္ဒရှင်များမဲပေးနိုင်ရေး အားပေးရန် ဒေါ်လာ ၂၁ သန်း၊ ဘင်္ဂလားဒေ့ရှ်ရှိ နိုင်ငံရေးရာကိစ္စများအားကောင်းရန်အတွက် ဒေါ်လာ ၂၉ သန်း၊ နီပေါနိုင်ငံရှိ ဘဏ္ဍာရေး ဖက်ဒရယ်စနစ်အတွက် ဒေါ်လာ ၂၀ သန်းအပါအဝင် များပြားသော အစီအစဉ်များပါဝင်ပြီး ထိုအစီအစဉ်များအတွက် အကျိုးခံစားခွင့်ရှိသူများ ၏အမည်များနှင့် စုစုပေါင်းကုန်ကျငွေများကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိကြောင်းသိရှိရသည်။

ထိုသတင်းထွက်ပေါ်လာပြီးနောက် ဝန်ကြီးချုပ် နာရိန်ဒရာမိုဒီ ဦးဆောင်သော BJP ပါတီက ထိုရန်ပုံငွေများသည် အိန္ဒိယ၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် “ပြင်ပဝင်ရောက်စွက်ဖက်မှု” ရှိကြောင်း သက်သေပြချက် ဖြစ်သည်ဟု ဆိုသည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ယခင် အမေရိကန် အစိုးရ၏ လုပ်ဆောင်မှုများနှင့်ပတ်သက်သည့် “လွန်စွာ စိုးရိမ်ဖွယ် ကောင်းသော” အချက်အလက်များကို စုံစမ်းစစ်ဆေးနေကြောင်း ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထိုကဲ့သို့ ထောက်ပံ့မှုများသည် အခွန်ထမ်း အမေရိကန်ပြည်သူများ၏ ဘဏ္ဍာငွေများကို အလွဲသုံးစား ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ပြီး “အိန္ဒိယရှိမဲဆန္ဒရှင်များမဲပေးရန်အတွက် မည်သည့်အတွက်ကြောင့် ဒေါ်လာ ၂၁ သန်း သုံးရမည်နည်း၊ ၎င်းတို့သည် တစ်စုံတစ်ယောက်ကို ရွေးကောက်တင်မြှောက်ရန် ကြိုးစား နေခြင်းဖြစ်မည်" ဟု ၎င်းက ဖေဖော်ဝါရီ ၁၉ ရက်နေ့က မိုင်ယာမီမြို့တွင် ပြောကြားခဲ့သည်။

ကိုးကား-RT