ဒေါ်နယ်ထရမ့်က တရုတ်နှင့် နျူကလီးယားသဘောတူညီချက်တစ်ခုရယူရန် ကြိုးပမ်းနေကြောင်း New York Times ဖော်ပြ
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် တရုတ်နိုင်ငံနှင့် နျူကလီးယား လက်နက်လုံခြုံရေးအပါအဝင် ကျယ်ပြန့်သော သဘောတူညီချက်တစ်ရပ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေကြောင်း အမေရိကန် အစိုးရ အကြံပေးများ၏ ပြောဆိုချက်များကိုကိုးကားပြီး New York Times သတင်းစာက ရေးသားဖော်ပြခဲ့သည်။
အဆိုပါသဘောတူညီချက်သည် ကုန်သွယ်ရေး၊ များပြားသော တရုတ် ရင်းနှီးမြှုပ်နှံမှုများ ပေါင်းစပ်ခြင်းနှင့် အမေရိကန်ကုန်ပစ္စည်းများကို ဝယ်ယူရန် ကတိကဝတ်များထက် ကျော်လွန်ကြောင်း NYT ၏ ဖော်ပြချက်အရသိရသည်။
ယင်းသဘောတူညီချက်တွင် နျူကလီးယားလက်နက်လုံခြုံရေးကို ကိုင်တွယ်ဖြေရှင်းရန်လည်းပါဝင်ကြောင်း အကြံပေးများက ပြောကြားခဲ့သည်။ တရုတ်သမ္မတရှီကျင့်ဖျင်နှင့်အတူ အမေရိကန်-တရုတ် နှစ်ဖက်လုံးအတွက် အကျိုးရှိစေမည့် သဘောတူညီချက် တစ်ခုရယူလိုသည့်ဆန္ဒများကို ပြီးခဲ့သည့် လအနည်းငယ်တွင် ဒေါ်နယ်ထရမ့်က ထုတ်ဖော် ပြောကြားခဲ့ကြောင်း ၎င်း၏ အကြံပေးတစ်ဦးက ပြောကြားခဲ့သည်။
သို့သော်လည်း ဒေါ်နယ်ထရမ့်အစိုးရသည် တရုတ်ထံမှ မည်သည့် အရာလိုချင်ကြောင်းကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားခြင်းမျိုး မရှိသောကြောင့် သိသာထင်ရှားသည့် အတားအဆီးများ ရှိနေဆဲဖြစ်ကြောင်း အဆိုပါအကြံပေးက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အမေရိကန် အတွက် အကြီးမားဆုံး အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေသော်လည်း နျူကလီးယားလုံခြုံရေး၊ နည်းပညာနှင့် ကပ်ရောဂါ ကြိုတင်ပြင်ဆင်မှုအပါအဝင် အခြားကိစ္စရပ်များအတွက် အဓိကကျသော ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်းလည်း သိရသည်။
ကိုးကား- NP News