ပြီးခဲ့သည့် အပတ်က လုပ်ဆောင်မှုများကို တင်ပြနိုင်ခြင်းမရှိပါက အလုပ်ထွက်ရန် အစိုးရဝန်ထမ်းများအားလုံးကို အီလွန်မက် အမိန့်ထုတ်ပြန်

News Image

  • ပြီးခဲ့သည့် အပတ်က လုပ်ဆောင်မှုများကို တင်ပြနိုင်ခြင်းမရှိပါက အလုပ်ထွက်ရန် အစိုးရဝန်ထမ်းများအားလုံးကို အီလွန်မက် အမိန့်ထုတ်ပြန်

အမေရိကန်အစိုးရဝန်ထမ်းများအားလုံးထံသို့ “ပြီးခဲ့သည့်အပတ်က သင် ဘာတွေလုပ်ခဲ့သလဲ” ခေါင်းစဉ်ဖြင့် အီးမေးလ်တစ်စောင်ဝင်လာပါကြောင်း၊ သင့်အနေဖြင့် ရှေ့အပတ်က အလုပ်ပြီးမြောက်ခဲ့မှုများကို ဖေဖော်ဝါရီ ၂၄ ရက်(တနင်္လာနေ့)ည နောက်ဆုံးထား၍ မတင်ပြနိုင်လျှင် အလုပ်က နုတ်ထွက်ပြီးသား ဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ဖော်ပြထား ပါသည်။

အဆိုပါအမိန့်ကို အမေရိကန်အစိုးရ စွမ်းဆောင်ရည် မြင့်မားရေးဌာန (DOGE) အကြီးအကဲ အီလွန်မက်က ၎င်း၏ X လူမှုကွန်ရက်တွင် ဦးစွာ ကြေညာထားပါသည်။

အီလွန်မက်ကြေညာပြီး နာရီပိုင်းအကြာတွင် သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် “DOGE အနေဖြင့် အမေရိကန် အစိုးရဝန်ထမ်း ၂.၃ သန်းကျော်ကို လျှော့ချဖို့ ယခုထက် ပိုပြီး ကြမ်းကြမ်း တမ်းတမ်း ကိုင်တွယ်သင့်ကြောင်း” မှတ်ချက်ပြု ထားပါသည်။ အီလွန်မက် ကလည်း “ဆောင်ရွက်သွားပါ့မည် သမ္မတကြီးခင်ဗျ” ဟု ပြန်လည် မှတ်ချက်ရေးသားထားပါသည်။

ထိုအမိန့်အရ အမေရိကန်အစိုးရဝန်ထမ်း အားလုံးအနေဖြင့် ပြီးခဲ့သည့် အပတ်က မိမိတို့ လုပ်ဆောင်ခဲ့ရသည့် ဆောင်ရွက်ပြီးစီးမှုကို အနည်းဆုံး အချက် ၅ ချက် ဖော်ပြ၍ ပေးပို့ရမည်ဖြစ်ပြီး မိမိအထက်လူကြီး သို့မဟုတ် မန်နေဂျာထံ မိတ္တူပေးပို့ရန် ဖော်ပြထားပါသည်။

ကိုးကား- Reuters

Photo: The Kathmandu Post