ပြင်သစ်နိုင်ငံ၊ မာဆေးမြို့ရှိ ရုရှားကောင်စစ်ဝန်ချုပ်ရုံး၌ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွား

News Image

  • ပြင်သစ်နိုင်ငံ၊ မာဆေးမြို့ရှိ ရုရှားကောင်စစ်ဝန်ချုပ်ရုံး၌ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွား

ပြင်သစ်နိုင်ငံ၊ မာဆေးမြို့ရှိ ရုရှားကောင်စစ်ဝန်ချုပ်ရုံး၌ ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ် အသေးစိတ်အချက်အလက်များကို အတည်ပြုထားခြင်း မရှိသေးသော်လည်း ဒေသခံသတင်းဌာနဖြစ်သည့် BFM က မီးသတ်သမား ၃၀ ခန့်နှင့် ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေကြောင်း သတင်းထုတ်ပြန်ထားပါသည်။

Valeurs သတင်းဌာနကလည်း အဆိုပါပေါက်ကွဲမှုအကြောင်း ဖော်ပြထားပြီး ဖေဖော်ဝါရီ ၂၄ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၇:၃၀ နာရီခန့်တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။ ၎င်းသတင်းဌာန၏ ဖော်ပြချက်အရ ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုမရှိဘဲ အဆောက်အဦပျက်စီးမှုသာ ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။

Valeurs သတင်းဌာနသတင်းထောက် Nicolas Boutin က X ၌ ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကားပြီး ကောင်စစ်ဝန်ချုပ်ရုံးပန်းခြံထဲသို့ Molotov cocktail ဗုံးနှစ်လုံး ပစ်သွင်းခံခဲ့ရသည်ဟု ဖော်ပြထားပါသည်။ အခင်းဖြစ်ပွားရာနေရာအနီး၌ ခိုးယူထားသော ယာဉ်တစ်စီး ကိုလည်း တွေ့ရှိခဲ့ရပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း ဆိုပါသည်။

La Marseillaise သတင်းစာကလည်း မာဆေးမြို့ရှိ ရုရှားကောင်စစ် ဝန်ချုပ်ရုံး မှ Stanislav Oranskiy ပြောကြားချက်ကို ကိုးကားကာ ရုံးအတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးသတ်သမားများ အဆောက်အဦ ထဲသို့ ဝင်ရောက်ခဲ့သည်ဟု ဖော်ပြထားပါသည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂