G20 အစည်းအဝေးသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မတက်ရောက်ခဲ့ခြင်းအပေါ် တောင်အာဖရိကသမ္မတ ရှုတ်ချ
တောင်အာဖရိက၌ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ စတင်ကျင်းပခဲ့သော စက်မှုထိပ်သီး G20 ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မတက်ရောက်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကို တောင်အာဖရိကသမ္မတ ဆိုင်ရေးရမ်မာဖိုဆာက ပြစ်တင်ရှုတ်ချလိုက် ပါသည်။
လက်ရှိကျင်းပနေသည့် အစည်းအဝေးများတွင် ချမှတ်လိုက်သော ဆုံးဖြတ်ချက်များကို အမေရိကန်က လိုက်နာနိုင်မည်ဟု မျှော်လင့်ကြောင်းနှင့်အစည်းအဝေးသည် ကြိုတင်စီစဉ်မှုမရှိဘဲ ဆောင်ရွက်ခဲ့သည့်ကိစ္စ မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
ရမ်မာဖိုဆာက တောင်အာဖရိက၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သည့် အမေရိကန်၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး နှစ်နိုင်ငံကြား ကျယ်ပြန့်သော နိုင်ငံရေး၊ ကုန်သွယ်ရေးနှင့် သံတမန်ရေးရာ အပြန် အလှန် ဆက်ဆံမှုများကို သတိပြုမိစေခဲ့ပါသည်။
အမေရိကန်ပြည်ထောင်စုနှင့် ခိုင်မာသည့် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားရန် တောင်အာဖရိက က ကတိကဝတ်ပြုထားကြောင်း၊ ကိစ္စအရပ်ရပ်အား သဘောမတူညီနိုင်သော်လည်း အတူတကွ လုပ်ဆောင်နိုင်မယ့် နည်းလမ်းများကို ရှာဖွေရန် ကတိကဝတ်ပြုထားကြောင်း၊ မြေယာပြုပြင်ပြောင်းလဲမှုနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများကို သံတမန်နည်းအရ ဖြေရှင်းမည်ဖြစ်ကြောင်း ရမ်မာဖိုဆာက ပြောဆိုသွားပါသည်။
ကိုးကား-Myanmar National Post