ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ် ကြက်သွန်နီပိဿာ ၅၀၀၀၀ ခန့် ဝင်ရောက်ပြီး အရောင်းအဝယ်သွက်လျက်ရှိ

News Image

  • ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ် ကြက်သွန်နီပိဿာ ၅၀၀၀၀ ခန့် ဝင်ရောက်ပြီး အရောင်းအဝယ်သွက်လျက်ရှိ

ရန်ကုန်  ဖေဖော်ဝါရီ  ၂၄

      ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ယခုရက်ပိုင်းအတွင်း နေ့စဉ် ကြက်သွန်နီပိဿာ  ၅၀,၀၀၀  ခန့်  ဝင် ရောက်ပြီး    အရောင်းအဝယ်သွက်လျက် ရှိကြောင်း   မြန်မာနိုင်ငံ   ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။

အဆိုပါ   ဘုရင့်နောင်ကုန်စည်ဒိုင်သို့ မကွေးတိုင်းဒေသကြီး အတွင်းရှိ   ဆိပ်ဖြူ၊ ပခုက္ကူ၊ တောင်တွင်းကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ    မုံရွာ၊   ရေဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံ၊ မြစ်သား၊   ကျောက်ဆည်   စသည့်ဒေသ တို့မှထွက်ရှိသော  ကြက်သွန်နီများ  လှိုင်လှိုင်ဝင်ရောက်လျက်ရှိသည်။

"အခုရက်ပိုင်းမှာ ဘုရင့်နောင်ကုန်စည် ဒိုင်ကို ကြက်သွန်နီတွေ အဝင်များနေပြီး ဈေးသက်သာတဲ့ အချိန်လို့ ပြောလို့ရတယ်။ စားသုံးသူတွေအနေနဲ့  နောက်လတွေ အတွက်ပဲဖြစ်ဖြစ်၊ သင်္ကြန်ကာလအတွက် ပဲဖြစ်ဖြစ်  ကြိုဝယ်မယ်ဆိုရင်  အခုချိန်က အသင့်တော်ဆုံးပါပဲ။ လက်ရှိ ကြက်သွန်နီ ဈေးနှုန်းက စားသုံးသူရော ရောင်းချသူတွေ အတွက်ပါ   အဆင်ပြေတယ်။   ဒီထက် ဈေးကျသွားရင်လည်း   တောင်သူတွေအတွက် အဆင်မပြေဖြစ်လာနိုင်တယ်" ဟု မြန်မာနိုင်ငံ ကြက်သွန်ဖြူ၊ ကြက်သွန်နီ နှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း  ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောသည်။

အဆိုပါ   ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ     သီရိမင်္ဂလာဈေး၊ တညင်းကုန်းဈေးနှင့် သိမ်ကြီးဈေး  စသည့်ဈေးကြီးများ၌  ရောင်းချသူများက လက်ကားလာရောက်ဝယ်ယူကြပြီး   စားသုံးသူများကို  လက်လီပြန်လည်ဖြန့်ဖြူး ရောင်းချပေးနေသည့်အပြင် တခြားပြည်တွင်း ဈေးကွက်များဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့်  မွန်ပြည်နယ် စသည့်ဒေသများသို့လည်း    တင်ပို့နေရကြောင်း   သိရသည်။

ထို့ပြင်   ကြက်သွန်နီများကို   ပြည်ပဈေးကွက်အနေဖြင့် ထိုင်းနိုင်ငံမှတစ်ဆင့် ဗီယက်နမ်၊ မလေးရှား စသည့်နိုင်ငံတို့သို့ နှစ်စဉ် တန်ချိန်  ၇၀,၀၀၀  နှင့်  ၈၀,၀၀၀ ကြား တင်ပို့နေရကြောင်း၊ ထိုသို့ ပြည်တွင်း၊ ပြည်ပဝယ်လိုအားရှိသည့်အတွက်   ပြည်တွင်းမှ   ကြက်သွန်စိုက်တောင်သူများက လည်း ယခင်ကထက် ပိုမိုတိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

Source: Myawady Web Portal