AI နည်းပညာအပေါ် အခြေခံထားသည့် ပထမဆုံးသော ဒရုန်းတားဆီးရေးစနစ်ကို ရုရှားထုတ်လုပ်
ရုရှားနိုင်ငံသည် ဉာဏ်ရည်တု (AI) နည်းပညာအပေါ် အခြေခံထားသည့် ပထမဆုံးသောဒရုန်း တားဆီးရေးစနစ်ကို ထုတ်လုပ်လျက်ရှိပြီး ၎င်းစနစ်အား ယခုဖေဖော်ဝါရီလ အကုန်ပိုင်းတွင် စမ်းသပ်မည်ဖြစ်သည်။
အဆိုပါဒရုန်းတားဆီးရေးစနစ်ကို The Titan ဟု အမည်ပေးထားပြီး အကွာအဝေးအားဖြင့် ၃ ကီလိုမီတာအထိ ထောက်လှမ်းနိုင်သည့် လေဆာမော်ဂျူးကို တပ်ဆင်ထားသည်။ ယခုနည်းပညာသည် ရုရှားမောင်းသူမဲ့ စနစ်များနှင့် နည်းပညာဆိုင်ရာဗဟိုဌာနမှ ထုတ်လုပ်သည့် နည်းပညာတစ်ရပ်ဖြစ်ပြီး ရုရှားတပ်မတော်အနေဖြင့် ၎င်းစနစ်အား အထူးစစ်ဆင်ရေး နယ်ပယ်များတွင် အသုံးပြုနိုင်မည်ဖြစ်သည်။
The Titan ဒရုန်းတားဆီးရေး စနစ်ကို ထုတ်လုပ်ရသည့် အကြောင်းရင်းမှာ ရုရှားနိုင်ငံအတွင်းရှိ အရပ်ဘက်သုံး အခြေခံအဆောက်အဦများကို အကြမ်းဖက် တိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက် ဖြစ်သည်။
ထို့ပြင် The Titan ဒရုန်းတားဆီးရေး စနစ်တွင် ရေဒီယို-အီလက်ထရွန်နစ်သုံး ထောက်လှမ်းရေးစနစ်နှင့် ဟန့်တားရေးစနစ်များကို တပ်ဆင်ထားခြင်းကြောင့် စနစ်အားအသုံးပြုသည့် အော်ပရေတာများအနေဖြင့် ရန်သူ၏ဒရုန်းများကို ချက်ချင်းရှာဖွေတွေ့ရှိနိုင်ပြီး ချေမှုန်းနိုင်မည်ဖြစ်သည်။ အလားတူပင် အဆိုပါဒရုန်း တားဆီးရေးစနစ်တွင် AI နည်းပညာအပေါ် အခြေခံထားသည့် အလိုအလျောက်ပစ်မှတ်ရှာဖွေရေးစနစ်ကို တပ်ဆင်ထားသည်။
Source: Myawady Web Portal