တရုတ် GJ-2 ဒရုန်းလေယာဉ် ဂျပန်နိုင်ငံအနီး ပျံသန်းမှုကို ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြု
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံ၏ GJ-2 ဒရုန်းလေယာဉ် မိမိနိုင်ငံအနီး ကောင်းကင်ယံတွင် ပျံသန်းမှုကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ မောင်းသူမဲ့GJ-2 ဒရုန်းလေယာဉ်သည် ဖေဖော်ဝါရီ ၂၆ ရက် (ဗုဒ္ဓဟူးနေ့) တွင် အရှေ့တရုတ် ပင်လယ်ကို ဖြတ်သန်းကာ အိုကီနာဝါကျွန်းနှင့် မီယာကိုကျွန်းကြားမှ ဖြတ်သန်းပြီး ပစိဖိတ်သမုဒ္ဒရာဘက်သို့ ဦးတည် မောင်းနှင်သွားကြောင်း၊ ထိုမှတစ်ဆင့် တောင်ဘက်သို့ ဦးတည်ရာမှ အရှေ့မြောက်ဘက်သို့ ဦးတည်ချက် ပြောင်းကာ Amami Oshima ကျွန်း၏အရှေ့ဘက်သို့ ရောက်ရှိခဲ့စဉ် လေယာဉ်လမ်းကြောင်းပြောင်းကာ တရုတ် နိုင်ငံဘက်သို့ ပြန်လည်ဦးတည်မောင်းနှင်သွားကြောင်း၊ အလားတူလမ်းကြောင်းတစ်လျှောက် ပျံသန်းနေသည့် တရုတ်၏ အခြားစုံစမ်းရေးဒရုန်းလေယာဉ်တစ်စင်းကိုလည်း တွေ့ရှိခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဂျပန်ကိုယ်ပိုင်လေကြောင်းကာကွယ်ရေးတပ်ဖွဲ့သည် ဒရုန်းလေယာဉ်များပျံသန်းမှုကို တုံ့ပြန်သည့် အနေဖြင့် ကြားဖြတ်တိုက်လေယာဉ်များဖြင့် ဆီးကြိုဟန့်တားခဲ့သည်။ အဆိုပါ ဒရုန်းလေယာဉ်များသည် ဂျပန်နိုင်ငံ၏ လေကြောင်းနယ်နိမိတ်အတွင်း ဝင်ရောက်ခဲ့ခြင်းမရှိသေးကြောင်းနှင့် မိမိနိုင်ငံအနီး တစ်ဝိုက်တွင် တရုတ် တပ်မတော်၏ တဖြည်းဖြည်းလှုပ်ရှားမှု များပြားလာခြင်းနှင့်ပတ်သက်၍ ဆက်လက်စောင့်ကြည့်သွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက NHK သတင်းဌာနတွင် ဖော်ပြခဲ့သည်။
ကိုးကား- NHK World