အီရန်က ယူရေနီယမ်ထုတ်လုပ်မှုကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း IAEA ဆို

News Image

  • အီရန်က ယူရေနီယမ်ထုတ်လုပ်မှုကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း IAEA ဆို

အမေရိကန်နှင့် အီရန်နိုင်ငံအကြား တင်းမာမှုများမြင့်တက်နေချိန်တွင် အီရန်သည် ယူရေနီယမ်ထုတ်လုပ်မှုကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်လေ့လာရေးအဖွဲ့၏အစီရင်ခံစာ၌ ရေးသား ဖော်ပြထားပါသည်။

ဗီယင်နာမြို့အခြေစိုက် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA)၏ အစီရင်ခံစာအရ ဖေဖော်ဝါရီလ ၈ ရက် အထိ အီရန်၌ (၆၀) ရာခိုင်နှုန်း အထိ သန့်စင်ထားသည့် ယူရေနီယမ် (၂၇၄ ဒသမ ၈) ကီလိုဂရမ် ရှိခဲ့သည်ဟု သိရပါသည်။ အီရန်၏ယူရေနီယမ်ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး IAEA က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၌ နောက်ဆုံး ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာနောက်ပိုင်း ယူရေနီယမ် (၉၂.၅) ကီလိုဂရမ်မြင့်တက်လာ ခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရပါသည်။

ယူရေနီယမ်သည် နျူကလီးယားလက်နက်ထုတ်လုပ်ရာ၌ အရေးပါသော ပစ္စည်းအမျိုးအစားတစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သည့် IAEA ၏ အစီရင်ခံစာ၌ အီရန်၏ (၆၀) ရာခိုင်နှုန်းအထိ သန့်စင်ထားသော ယူရေနီယမ် သိုလှောင်မှုပမာဏသည် (၁၈၂.၃) ကီလို ဂရမ် ဖြစ်သည်ဟုလည်း ရေးသား ဖော်ပြထားပါသည်။

အစီရင်ခံစာ၌ “အီရန်၌ ယူရေနီယမ်စုဆောင်းမှုနှင့် ထုတ်လုပ်မှု သိသိ သာသာတိုးမြင့်လာခြင်းသည် လွန်စွာစိုးရိမ်စရာကောင်းသည့် ကိစ္စတစ်ခု ဖြစ်ပြီး အဏုမြူဗုံးတစ်လုံးကို ထုတ်လုပ်ရန်အတွက် သန့်စင်ထားသည့် ယူရေနီယမ် (၄၂)ကီလိုဂရမ်သာ လိုအပ်သည်”ဟု ရေးသား ဖော်ပြထား ပါတယ်။ လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက် အထိ အီရန်၏ သန့်စင်ထားသော ယူရေနီယမ်သိုလှောင်မှု စုစုပေါင်း ပမာဏသည် (၈၂၉၄.၄) ကီလိုဂရမ် ဖြစ်သည်ဟုလည်း ဖော်ပြချက်များအရ သိရပါသည်။

ကိုးကား-NP News