တိုက်ပွဲဝင်အသင့်ဖြစ်ရေးအတွက် တရုတ်က ၎င်း၏ စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ပြင်ဆင်
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)သည် ၎င်း၏ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ ပြင်ဆင်ချက် အမြောက်အများကို ထုတ်ပြန်ဆောင်ရွက်ခဲ့ပြီး တိုက်ပွဲဝင်အသင့်ဖြစ်ရေးနှင့် ပြည်ပစစ်ရေးရည်မှန်းချက်တို့၏ အရေးပါမှုအပေါ် ပိုမိုအလေးထား ဆောင်ရွက်လာခဲ့ပါသည်။
ဧပြီလတွင် စတင်အသက်ဝင်မည့် ပြင်ဆင်ချက်များတွင် “တိုက်ပွဲများအောင်မြင်ရေးမှာ တပ်မတော်၏ အဓိက တာဝန် ဖြစ်သည်” ဟူသည့်အချက်ပါဝင်ပြီး “စစ်ရေးပြင်ဆင်မှုနှင့် တိုက်ပွဲဝင်အသင့်ဖြစ်မှုဆိုင်ရာအခြေခံအချက်များ” ကို ချမှတ်ဖော်ဆောင်ရန်လည်း အစိုးရအနေဖြင့် PLA ကို ညွှန်ကြားထားကြောင်း နိုင်ငံပိုင်သတင်းဌာနဖြစ်သည့် Xinhua သတင်းဌာန၏ ဖော်ပြချက်အရသိရှိရပါသည်။
ပြင်ဆင်ချက်များတွင် “PLA တပ်မတော်အတွင်း တရားဥပဒေစိုးမိုးမှု ပိုမိုကောင်းမွန်ရေး၊ ပါတီ အပေါ် သစ္စာစောင့် သိပြီး ခိုင်မာသည့်တပ်မတော်တစ်ရပ်ဖြစ်အောင် လေ့ကျင့်သင်ကြားပေးရေး၊ တိုက်ရည်ခိုက်ရည်ပြည့်ဝပြီး စိတ်ဓာတ် စည်းကမ်းကောင်းမွန်ရေး” စသည်တို့အတွက် လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ် ပြင်ဆင်မှုများ ပါဝင်နိုင်ကြောင်း Xinhua သတင်းဌာနက ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရေးသားဖော်ပြထားပါသည်။
တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်နှင့် တင်းမာမှုများဖြစ်ပွားနေသည့်အခြေအနေတွင် ဤ ပြင်ဆင် ပြောင်းလဲမှုသည် တရုတ်နိုင်ငံ၏ ဥပဒေမူဘောင်နှင့်လုပ်ထုံးလုပ်နည်းများ တိုးတက်ခိုင်မာအောင် ကြိုးပမ်းအားထုတ်မှု များ၏ အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်သည်။
ဤသည်မှာ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ၊ သမ္မတရှီကျင့်ဖျင်၏ ရည်မှန်းချက်များကို လှစ်ဟပြခြင်း ဖြစ်ကြောင်းနှင့် PLA တပ်မတော်သည် ၂၀၃၅ ခုနှစ်တွင် ခေတ်မီတပ်မတော်တစ်ရပ်ဖြစ်ရမည် ဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်တွင်ထိပ်တန်း တပ်မတော်တစ်ရပ်ဖြစ်ရမည်ဟု ရှီကျင့်ဖျင်က ထုတ်ဖော်ပြောကြားခဲ့ကြောင်း South China Morning Post သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- South China Morning Post
ဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင်၊နစက-၄