အစ္စရေးကို အမေရိကန်ဒေါ်လာ (၃) ဘီလီယံကျော်တန်ဖိုးရှိ ခဲယမ်း မီးကျောက်များနှင့်ဘူဒိုဇာများ ရောင်းချပေးရန် အမေရိကန်အစိုးရ အတည်ပြု
ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးကအသုံးပြုခဲ့သည့် အမေရိကန် ထုတ် စစ်လက်နက်ပစ္စည်းများအတွက် အမေရိကန်ဒေါ်လာ (၃) ဘီလီယံကျော် တန်ဖိုးရှိ ဆက်စပ်ပစ္စည်းများ၊ ဘူဒိုဇာများနှင့် ခဲယမ်းမီးကျောက်များကို အစ္စရေးထံသို့ ရောင်းချပေးရန် အမေရိကန်အစိုးရက ဖေဖော်ဝါရီလ၂၈ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရပါသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုသည် ဗုံးကိုယ်ထည်များနှင့် ထိပ်ဖူးများအတွက် အမေရိကန်ဒေါ်လာ (၂ ဒသမ ဝ၄) ဘီလီယံ၊ အခြား ဗုံးဆက်စပ်ပစ္စည်းများနှင့် လမ်းညွှန်ကိရိယာများအတွက် အမေရိကန် ဒေါ်လာ (၆၇၅ ဒသမ ၇) သန်း၊ ဘူဒိုဇာများနှင့် ဆက်စပ်ပစ္စည်းများ အတွက် အမေရိကန်ဒေါ်လာ (၂၉၅) သန်း ရောင်းချရန် သဘောတူညီချက် ကို လက်မှတ်ရေးထိုးခဲ့သည်ဟု အမေရိကန်ကာကွယ်ရေး လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (DSCA) က ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးအကျိုးစီးပွားအတွက် ကာကွယ်ရေး ဝန်ဆောင်မှုများကို အစ္စရေးအစိုးရထံ ချက်ချင်းရောင်းချရန် လိုအပ်သည့် အရေးပေါ်အခြေအနေတစ်ရပ်ရှိကြောင်း မာကိုရူဘီအိုက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု (DSCA) က ဖော်ပြခဲ့ပါသည်။
(DSCA)က “အမေရိကန်နိုင်ငံသည် အစ္စရေး၏လုံခြုံရေးအတွက် ကတိ ကဝတ်ပြုထားကာ ခိုင်မာပြီးအဆင်သင့်ဖြစ်နေသည့် ကိုယ်ပိုင် ကာကွယ်ရေး စွမ်းရည်များကို ထိန်းသိမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အစ္စရေး ကို ထောက်ပံ့ကူညီပေးမှုများ လုပ်ဆောင်ရန်သည် အမေရိကန်၏ အမျိုးသားအကျိုးစီးပွားအတွက် အရေးကြီးသည်” ဟု ပြောကြားခဲ့သည်။
အစ္စရေးအား အမေရိကန်ဒေါ်လာ (၇ ဒသမ ၄) ဘီလီယံကျော်တန်ဖိုးရှိ ဗုံးများ၊ဒုံးကျည်များနှင့် ဆက်စပ်ပစ္စည်းများကို ရောင်းချပေးရန် အမေရိကန်အစိုးရက ယခုလအစောပိုင်း၌ သဘောတူညီခဲ့ပြီးနောက် ယခုကဲ့သို့ရောင်းချပေးရန် အတည်ပြုမှုများ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။
ကိုးကား-NP News