မြောက်ကိုရီးယားက မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်များကို စမ်းသပ် ပစ်လွှတ်

News Image

  • မြောက်ကိုရီးယားက မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်များကို စမ်းသပ် ပစ်လွှတ်

မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားတန်ပြန်တိုက်ခိုက်မှု စွမ်းရည် ကို ပြသရန်အတွက် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်များ စမ်းသပ် ပစ်လွှတ်မှု လုပ်ဆောင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ KCNAက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။

မြောက်ကိုရီးယားအစိုးရက ပစ်လွှတ်လိုက်သည့် ခရုဇ်ဒုံးကျည်များသည် အကွာအဝေး ၁၅၈၇ ကီလိုမီတာခန့် ပျံသန်းခဲ့ပြီး ၎င်းတို့၏ပစ်မှတ်ဆီသို့ ရောက်ရှိရန်အတွက် အချိန် ၂ နာရီကျော်ခန့် ကြာမြင့်ခဲ့သည်ဟု KCNA က ရေးသားဖော်ပြခဲ့ပါသည်။ ၎င်းစမ်းသပ်ပစ်လွှတ်မှုသည် ယခုနှစ် အတွင်း မြောက်ကိုရီးယားအစိုးရက လုပ်ဆောင်ခဲ့သည့် ၄ ကြိမ်မြောက် ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုဖြစ်ပြီး ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် တာဝန်ယူပြီး နောက်ပိုင်း ဒုတိယအကြိမ်မြောက် ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုဖြစ်သည်ဟုလည်း သိရှိရသည်။ KCNA က “မဟာဗျူဟာ မြောက် ခရုဇ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှုသည် မြောက်ကိုရီးယား၏ လုံခြုံရေးအား ပြင်းထန်စွာချိုးဖောက်ပြီး ထိပ်တိုက်ရင်ဆိုင်မှု ကြီးထွား လာစေရန် လုပ်ဆောင်နေသည့် ရန်သူများကို သတိပေးရန်အတွက် ဖြစ်သည်” ဟု ရေးသားဖော်ပြခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက စမ်းသပ်ပစ်လွှတ်မှုကို စောင့်ကြည့်နေချိန်တွင် ခရုဇ်ဒုံးကျည်တစ်စင်းသည် ကိုရီးယား အနောက် ပင်လယ်ကို ပျံသန်းသွားခဲ့ပြီး ပစ်မှတ်ကိုထိမှန်ကာ ဖျက်ဆီးပစ်ခဲ့ခြင်းအား KCNA မှ ထုတ်ပြန်ထားသည့် ဓါတ်ပုံမှတ်တမ်းများ၌ တွေ့မြင် ခဲ့ရသည်။ ထို့အပြင် ကင်ဂျုံအန်းသည် ခရုဇ်ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှု နှင့်ပတ်သက်၍ ကျေနပ်အားရမိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး မြောက်ကိုရီးယားစစ်တပ်သည် ၎င်း၏ နျူကလီးယားလက်နက်များကို ဖြန့်ကြက်ချထားရန်အတွက် အဆင်သင့်ဖြစ်မှုကို အပြည့်အဝ ထိန်းသိမ်းထားရမည်ဟု အလေးပေးပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

ကိုးကား-NP News