အစ္စရေးက ဂါဇာကမ်းမြှောင်ဒေသ အကူအညီများကို ပိတ်ဆို့ရပ်တန့်
အစ္စရေးနိုင်ငံသည် မတ်လ ၁ ရက်(စနေနေ့)တွင် ကုန်ဆုံးသွားသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်၏ ပထမအဆင့်ကို ဆက်လက် တိုးမြှင့်ရန် ဟားမက်လက်နက်ကိုင်အဖွဲ့က ငြင်းဆန်ခဲ့သည်ဟု ဆိုကာ ဂါဇာကမ်းမြှောင်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အားလုံးကို ရပ်တန့်လိုက်ပြီဖြစ်သည်။
ပထမအဆင့် သဘောတူညီချက်များ ပြီးဆုံးခဲ့ပြီး ဟားမက်အဖွဲ့က အမေရိကန် အထူးကိုယ်စားလှယ် Steve Witkoff ၏ အဆိုပြုချက် ဖြစ်သည့် Witkoff သဘောတူညီချက်အရ ပွဲတော်ကာလအတွင်း ဧပြီလ အထိအပစ်အခတ်ရပ်စဲရေး ကိုငြင်းဆန်ခဲ့သည်ဟုဆိုကာ နေတန်ယာဟု က “ဂါဇာကမ်းမြှောင်သို့ ကုန်ပစ္စည်းနှင့် ထောက်ပံ့ရေးပစ္စည်းအားလုံး ဝင်ရောက်မှုကို ရပ်တန့်လိုက်ပြီဖြစ်သည်” ဟု ကြေညာခဲ့ခြင်းဖြစ်သည်။
ဟားမက်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Hazem Qassem က မတ်လ ၁ ရက်(စနေနေ့)က ကာတာအခြေစိုက် Al Araby TV သို့ ပြောကြားရာတွင် သဘောတူညီချက်၏ ဒုတိယအဆင့်နှင့်ပတ်သက်၍ မည်သည့်ဆွေးနွေး ပွဲမျှ လုပ်ဆောင်နေခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
အစ္စရေး-ဟားမက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပထမအဆင့်တွင် အပစ်အခတ်ရပ်စဲခြင်းနှင့် အကျဉ်းသားများ လဲလှယ်ခြင်းတို့ ပါဝင်ပြီး ဒုတိယအဆင့်တွင် ရေရှည်အပစ်အခတ်ရပ်စဲရေးကို အာမခံခြင်း၊ ကျန်ရှိ နေသည့် အကျဉ်းသားအားလုံးကို လွှတ်ပေးခြင်းနှင့် အစ္စရေးတပ်များ ဂါဇာမှ လုံးဝဆုတ်ခွာခြင်းတို့ ပါဝင်သည်။ တတိယအဆင့်တွင် အီဂျစ်၊ ကာတာနှင့် ကုလသမဂ္ဂ၏ ကြီးကြပ်မှုအောက်တွင် ဂါဇာပြန်လည်တည်ဆောက်ရေးကို လုပ်ဆောင်သွားမည်ဟူသော အချက်များ ပါဝင်သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂