ယူကရိန်းနိုင်ငံအတွင်းသို့ လက်နက်စီးဆင်း ဝင်ရောက်မှုကို ယာယီ သို့မဟုတ် လုံးဝရပ်တန့်နိုင်မည့် နည်းလမ်း ရှိ၊ မရှိ ရှာဖွေရန် ထရမ့် ညွှန်ကြား
ယူကရိန်းနိုင်ငံအတွင်းသို့ လက်နက်များ စီးဆင်းဝင်ရောက်မှုကို ယာယီ သို့မဟုတ် လုံးဝရပ်တန့်နိုင်မည့်နည်းလမ်း ရှိ၊ မရှိ ရှာဖွေကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်အရာရှိများအား ညွှန်ကြားလိုက်သည်ဟု the Wall Street Journal ကဖော်ပြသည်။
ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် ထရမ့်နှင့် ယူကရိန်းသမ္မတ ဇီလန်စကီတို့ကြား အငြင်းအခုံဖြစ်ပွားပြီးနောက် ထရမ့်က ယူကရိန်းနိုင်ငံသို့ လက်ရှိဝင်ရောက်နေသည့် လက်နက်များအားလုံးကို ရပ်တန့်နိုင်မည့် အလားအလာကို စဉ်းစားလာခြင်းဖြစ်ကြောင်း Washington Post သတင်းစာက သမ္မတအကြံပေးတစ်ဦး၏ ပြောဆိုချက်ကိုကိုးကား၍ အစောပိုင်းတွင် ဖော်ပြထားသည်။
ထို့ပြင် ထရမ့်သည် လက်ရှိတွင် ယူကရိန်းနှင့် စပ်လျဉ်း၍ နောက်ထပ် လုပ်ဆောင်ချက်များ ထပ်မံလုပ်ဆောင်ရန် စောင့်ဆိုင်းလျက်ရှိကြောင်း သတင်းစာတွင် ဆက်လက်ဖော်ပြသည်။
ထရမ့်နှင့် ဇီလန်စကီတို့သည် အိမ်ဖြူတော်၌ ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မကြာမီ ၎င်းဆွေးနွေးမှုသည် အငြင်းအခုံအဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်ကြောင်း သိရသည်။ ငြင်းခုံမှုအတွင်း ဇီလန်စကီက ထရမ့်အား ရိုသေမှုမရှိဘဲ ရိုင်းပျစွာ ဆက်ဆံခဲ့သည်ဟု ထရမ့်ကယူဆထားသည်။ ၎င်းတို့နှစ်ဦးကြား ငြင်းခုံမှုဖြစ်ပွားခြင်းကြောင့် အမေရိကန်နှင့် ယူကရိန်းတို့အနေဖြင့် ၎င်းတို့ကြား လက်မှတ်ရေးထိုးမည့် မြေရှား သဘောတူညီချက်ကိုလည်း ရပ်ဆိုင်းပစ်ခဲ့ကြောင်းသိရသည်။
ထို့ပြင် ဇီလန်စကီသည် လက်ရှိ ရုရှားနှင့်ဖြစ်ပွားနေသည့် ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်ဆန္ဒရှိသည့် အရိပ်အယောင်မရှိဟု ထရမ့်က ထပ်လောင်း ပြောကြားထားသည်။
Source: https://myawady.net.mm/