AI နည်းပညာဆိုင်ရာလုံခြုံရေး အခြေအနေကြောင့် အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားခြင်းမှ ရှောင်ရှားကြရန် တရုတ်အစိုးရတိုက်တွန်း

News Image

  • AI နည်းပညာဆိုင်ရာလုံခြုံရေး အခြေအနေကြောင့် အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားခြင်းမှ ရှောင်ရှားကြရန် တရုတ်အစိုးရတိုက်တွန်း

နည်းပညာဆိုင်ရာ လုံခြုံရေးအခြေအနေကြောင့် အမေရိကန်ပြည်ထောင်စုသို့ ခရီးသွားခြင်းမှရှောင်ရှားကြရန် နိုင်ငံအတွင်းရှိ   AI နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်သူများ၊ သုတေသီများအား တရုတ်အာဏာပိုင်အဖွဲ့က   တိုက်တွန်းထားကြောင်း  သိရသည်။

တရုတ်နိုင်ငံမှ  AI နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်သူများ၊ သုတေသီများအနေဖြင့် ပြည်ပနိုင်ငံများသို့ ခရီးသွားရောက်ပါက နိုင်ငံ၏နည်းပညာ တိုးတက်မှုဆိုင်ရာ သတင်းအချက်အလက်များ ပေါက်ကြားမည်ကို    တရုတ်အစိုးရက စိုးရိမ်နေခြင်းဖြစ်ကြောင်း the Wall Street Journal က ဖေဖော်ဝါရီလ ၂၈ ရက်တွင်ဖော်ပြသည်။

ထို့ပြင်  အမေရိကန်ပြည်ထောင်စုသို့ သွားရောက်သည့် AI နည်းပညာကဏ္ဍမှ ဦးဆောင်သူများအနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံရပြီး  အမေရိကန်နှင့် တရုတ်တို့၏ စေ့စပ်ဆွေးနွေးမှုတွင်   အမေရိကန်၏ အသုံးချခံရမည်ကို တရုတ်နိုင်ငံက စိုးရိမ်မကင်းဖြစ်လျက်ရှိသည်ဟု ဂျာနယ်တွင် ဆက်လက် ဖော်ပြထားသည်။

အမေရိကန်နှင့်တရုတ်နိုင်ငံတို့သည် ကမ္ဘာ့ AI နည်းပညာပြိုင်ဆိုင်မှုတွင် ထိပ်ဆုံးမှပါဝင်လျက်ရှိပြီး  မကြာသေးမီက မိတ်ဆက်ဖော်ပြခဲ့သည့် တရုတ်နိုင်ငံမှ Deep-Seek AI မော်ဒယ်သည် အမေရိကန်၏ OpenAI နှင့် alphabet တို့ထက် တန်ဖိုးနည်းပါးသော်လည်း နည်းပညာသာလွန်မှုရှိသည် ဟူသော ပြောဆိုချက်များ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်းမှစ၍ နှစ်နိုင်ငံကြား ပြိုင်ဆိုင်မှုပြင်းထန်လာခြင်းဖြစ်သည်။

တရုတ်အစိုးရအနေဖြင့် နိုင်ငံ၏ဆိုက်ဘာလုံခြုံရေး၊ AI နည်းပညာလုံခြုံရေးအပါအဝင် အလုံးစုံသောလုံခြုံရေးကို ပိုမိုတိုးတက်ကောင်းမွန်စေရေးလုပ်ဆောင်ကြရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်ကွန်မြူနစ်ပါတီမှ ခေါင်းဆောင်များအား ဖေဖော်ဝါရီလ ၂၈ ရက်တွင်  တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာတစ်ခုက မတ်လ ၁ ရက်တွင် ဖော်ပြသည်။

Source: https://myawady.net.mm/