ဂါဇာကမ်းမြောင်၌ တိုက်ပွဲများကို အချိန်မရွေး ပြန်လည် ဖော်ဆောင်ရန် အသင့်ရှိကြောင်း အစ္စရေးဝန်ကြီးချုပ် ပြောကြား

News Image

  • ဂါဇာကမ်းမြောင်၌ တိုက်ပွဲများကို အချိန်မရွေး ပြန်လည် ဖော်ဆောင်ရန် အသင့်ရှိကြောင်း အစ္စရေးဝန်ကြီးချုပ် ပြောကြား

စေ့စပ်ညှိနှိုင်းမှုဖြင့်လည်းကောင်း၊ အခြားနည်းလမ်းများဖြင့်လည်းကောင်း စစ်ပွဲ၏ရည်မှန်းချက်များကို အပြီးသတ်ရန် ကတိပြုလုပ်ဆောင်နေသော်လည်း အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ပွဲများကို အချိန်မရွေး ပြန်လည်ဖော်ဆောင်ရန် ပြင်ဆင်ထားရှိကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က မတ်လ ၂ ရက် (တနင်္ဂနွေနေ့)တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အစ္စရေးအနေဖြင့် ပြင်းထန်သည့်တိုက်ပွဲများအား အချိန်မရွေးဖော်ဆောင်သွားရန် ပြင်ဆင်ထားရှိကြောင်းနှင့် စစ်ဆင်ရေးစီမံချက်ကို ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း စစ်ရေးအခမ်းအနားတစ်ခုတွင် တိုက်ပွဲဝင်အရာရှိများအား နေတန်ယာဟုက ပြောကြားခဲ့ပါသည်။ အဆိုပါ ပြောဆိုချက်သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ပါလက်စတိုင်း အကျဉ်းသားများအား ပြန်လည်လွှတ်ပေးရေးကို အစ္စရေးက ရပ်ဆိုင်းလိုက်ပြီးနောက် တစ်ရက် အကြာတွင် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဂါဇာကမ်းမြောင်တွင် ဟားမက်တပ်ဖွဲ့အများစုကို အစ္စရေးက တိုက်ထုတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ စေ့စပ်ညှိနှိုင်းရေးနည်းဖြင့်ဖြစ်စေ၊ အခြားသောနည်းလမ်းများဖြင့်ဖြစ်စေ စစ်ရေးဆိုင်ရာ ရည်မှန်းချက်များကို ပြီးပြတ်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

ဂါဇာကမ်းမြောင်ဒေသတွင် ထိလွယ်ရှလွယ်သည့် ယာယီအပစ်အခတ်ရပ်စဲရေးကို ဇန်နဝါရီ ၁၉ ရက်က စတင်နိုင်ခဲ့ပြီး ပါလက်စတိုင်းနယ်မြေအတွင်း ပြင်းထန်သည့် တိုက်ပွဲများကို ၁၅ လကျော်ကြာ ရပ်တန့်အောင် လုပ်ဆောင် နိုင်ခဲ့သည်။

ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပထမပိုင်းသည် မတ်လအစောပိုင်းတွင် ကုန်ဆုံးမည်ဖြစ်သော်လည်း မူလစီစဉ်ထားသည့်အတိုင်း ရှေ့ဆက်လုပ်ဆောင်ရန် မဖြစ်နိုင်သေးကြောင်း၊ ဆိုလိုသည်မှာ နှစ်ဖက်တွေ့ဆုံညှိနှိုင်းမှု များသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် ဟားမက်တို့က အစ္စရေးအား တိုက်ခိုက်မှုမှစတင်ခဲ့သည့်စစ်ရေးပဋိပက္ခကို ထာဝရ အဆုံးသတ်နိုင်မည့် အခြေအနေသို့ တွန်းပို့နိုင်ခြင်းမရှိသေးကြောင်း Asian News International သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- Asian News International  

Photo: A News

ဘာသာပြန်ဆိုသူ- ဦးထက်ထက်အောင်၊နစက-၄