အမေရိကန်ပြည်ထောင်စုက ရုရှားနိုင်ငံအပေါ် ဆိုက်ဘာစောင့်ကြည့် တိုက်ခိုက်ရေးလုပ်ငန်းများကို ယာယီရပ်ဆိုင်း
ပင်တဂွန်က ရုရှားနိုင်ငံအပေါ် ဆိုက်ဘာလုံခြုံရေးအတွက် အန္တရာယ်ရှိသော စောင့်ကြည့်တိုက်ခိုက်ရေးလုပ်ငန်းများကိုရပ်ဆိုင်းရန် အမိန့်ပေးခဲ့ ကြောင်း အမေရိကန်အရာရှိကြီးတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ မီဒီယာများက မတ်လ ၃ ရက်(တနင်္လာ)နေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးနှင့် သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား Oval Office တွင် ပြင်းထန်စွာ ငြင်းခုံခဲ့ကြသည့် ဆွေးနွေးပွဲမတိုင်မီက ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများအရ သိရသည်။
အမည်မဖော်လိုသော အရာရှိများအဆိုအရ ကာကွယ်ရေးဝန်ကြီး Pete Hegseth က ဝါရှင်တန်သည် မော်စကိုနှင့် ဆက်ဆံရေးပြန်လည် တည်ဆောက်ရန်ကြိုးပမ်းနေစဉ် US Cyber Command သို့ လုပ်ဆောင် ချက်များကိုရပ်တန့်ရန် ဖေဖော်ဝါရီလကုန်က အမိန့်ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။
ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အချက်အလက်များကို ဦးစားပေးဖော်ပြလေ့ရှိသော The Record သတင်းဌာနက ယခုဖြစ်စဉ်ကို ဖေဖော်ဝါရီ ၂၈ ရက်(သောကြာ)နေ့တွင် ပထမဆုံးဖော်ပြခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အမျိုးသားလုံခြုံရေးအေဂျင်စီမှ လုပ်ဆောင်သည့်သတင်းအချက်အလက်ထောက်လှမ်း စုဆောင်းခြင်းဆိုင်ရာ ညွှန်ကြားချက်နှင့် သက်ဆိုင်ခြင်းမရှိကြောင်း အလေးပေးဖော်ပြခဲ့သည်။ ဆိုက်ဘာ လုပ်ငန်းများ ရပ်ဆိုင်းခြင်းနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို မဖော်ပြထားသော်လည်း သတင်းရင်းမြစ်များက ကန့်သတ်ချက် မရှိ ရပ်တန့်ရန်ဖြစ်သည်ဟု ဆိုသည်။ ထရမ့်ကို ဝေဖန်သူများက အဆိုပါ လုပ်ရပ်ကို အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပြီး ယူကရိန်းကို သတင်းအချက်အလက် ထောက်ပံ့ခြင်း အပါအဝင် အနာဂတ်၌ ရုရှားကွန်ယက်များထဲသို့ အမေရိကန်၏ ထိုးဖောက်နိုင်စွမ်းအတွက် ကြီးမားသောထိုးနှက်ချက် ဖြစ်လာနိုင်သည်ဟု တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်ကို ကိုးကား၍ CNN က ဖော်ပြခဲ့သည်။
ရုရှားက အမေရိကန်သည် ဆိုက်ဘာတိုက်ခိုက်မှုများတွင် အထူးသတိထား စောင့်ကြည့်ရမည့် ယှဉ်ပြိုင်ဘက်အဖြစ် ရှုမြင်ထားသည်။ ဘားရက် အိုဘားမား သမ္မတသက်တမ်းအတွင်း အီရန်နျူကလီးယား စီမံကိန်း စက်ရုံများ၏ ဆိုက်ဘာလုံခြုံရေးကို ကျော်ဖြတ်ကာ ဝင်ရောက်ဖျက်ဆီးခဲ့သည့် လုပ်ဆောင်ချက်များကဲ့သို့သော ထင်ရှားသည့်လုပ်ဆောင်ချက်များဖြင့် ဆိုက်ဘာနယ်ပယ်တွင် အမေရိကန်၏စွမ်းဆောင်နိုင်မှုကို သတိပြုမိစေခဲ့သည်။
ဆိုက်ဘာတိုက်ခိုက်မှုများသည် ခြေရာခံရန် ခက်ခဲသော်လည်း အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများက တရုတ်နှင့် ရုရှားကဲ့သို့သော နိုင်ငံများနှင့် ဆက်စပ်နေသည့် ဟက်ကာအဖွဲ့များသည် ဆိုက်ဘာ တိုက်ခိုက်မှုများအတွက် အဓိကတာဝန်ရှိသည်ဟု မကြာခဏ စွပ်စွဲပြောဆိုလေ့ ရှိသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂