အမေရိကန်က ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်

News Image

  • အမေရိကန်က ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်

အမေရိကန်အစိုးရသည် ယီမင်အခြေစိုက် အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့သည်ဟု သိရပါသည်။

ဇန်နဝါရီလတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟူသီ လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် အမိန့်ပေးခဲ့ပြီးနောက် ယခုကဲ့သို့သတ်မှတ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှစတင်၍ ဟူသီ လက်နက်ကိုင်အဖွဲ့သည် ပင်လယ်နီအတွင်း၌ သွားလာနေသည့် ကုန်တင် သင်္ဘောများကို ဒရုန်းများ၊ ဒုံးကျည်များနှင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။

ဟူသီလက်နက်ကိုင်အဖွဲ့သည် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့အတွင်းမှ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးလမ်းကြောင်းကို နှောင့်ယှက်ခဲ့ကြောင်းလည်း သိရပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက “နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ဆောင်ရွက်ခဲ့သည့်လုပ်ဆောင်ချက်သည် မိမိတို့၏ အမျိုးသား လုံခြုံရေးအကျိုးစီးပွား၊ အမေရိကန်ပြည်သူများ၏ ဘေးကင်းလုံခြုံရေးနှင့် အမေရိကန်နိုင်ငံ့လုံခြုံရေးကို ကာကွယ်မည့် ဒေါ်နယ်ထရမ့်အစိုးရ၏ ကတိကဝတ်ကို သက်သေပြခြင်းမျိုး ဖြစ်ပါကြောင်း” ပြောဆိုခဲ့ပါသည်။

ကိုးကား-NP News