ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ကျိုင်းတုံမြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

News Image

  • ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။
  • ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။
  • ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ ထိန်ပင်ကျေးရွာအုပ်စု၊ လိန်းလီကျေးရွာအနီး၌ ပင်လောင်းမှ တပ်ကုန်းသို့ မောင်းနှင်လာသည့် TOYOTA HIACE ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် မနန်းခင်အေးမိ သယ်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြား (တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် သိန်း ၅၀) သိမ်းဆည်းရမိခဲ့သဖြင့် မနန်းခင်အေးမိ(၂၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
အလားတူ မတ် ၁ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မကာဟိုခမ်းရပ်ကွက်၊ ဂေါ်သဇင်လမ်း၌ နိုင်ကိုဦး မောင်းနှင်ပြီး မနန်းကူ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ပြောင်းဆေးဝါး Happy Water ၁ ဒသမ ၂ ကီလို(တစ်ကီလိုလျှင် သိန်း ၁,၁၀၀  ကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၁,၃၂၀ သိန်း) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီ၌ စိတ်ပြောင်းဆေးဝါးများ ရောင်းချပေးသူ မနန်းရှဲန်ဟောင်အား တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် နိုင်ကိုဦး(၂၃)နှစ်၊ မနန်းကူ(၂၂)နှစ်နှင့် မနန်းရှဲန်ဟောင်(၂၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
အလားတူ မတ် ၁ ရက် ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျေးရွာအနီး၌ ကျလော မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ ပလတ်စတစ်ခရီးဆောင်အိတ်အတွင်းမှ ဘိန်းစိမ်း ၂၇ ကီလို(တစ်ကီလိုလျှင် ၅ သိန်းကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၁၃၅ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ကျလော(၁၉)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm