ထားဝယ်အထူးစီးပွားရေးဇုန်ကို အဆင့်မြှင့်တင်တည်ထောင်နိုင်ရန် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်
နေပြည်တော်၊ မတ် ၆
ရုရှား – မြန်မာ စီးပွားရေးဖိုရမ်အား မတ်လ ၄ ရက်နေ့တွင် မော်စကိုမြို့ Radisson Collection ဟိုတယ်ရှိ Business Hall ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
“မဟာဗျူဟာကျသည့် ပင်လယ်ထွက်ပေါက်အဖြစ် ထားဝယ် အထူးစီးပွားရေးဇုန်ကို အဆင့်မြှင့်တင် တည်ထောင်နိုင်ရန် ရုရှားနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ခြေလှမ်းသစ်စတင်နိုင်သည့်အတွက် များစွာ အားရကျေနပ်မိပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က ပြောသည်။
မိမိတို့ဘက်ကလည်း ခိုင်မာအားကောင်းသည့် ဥပဒေမူဘောင်များ ချမှတ်ထားခြင်းနှင့်အတူ အဆိုပါအခမ်းအနား၏ ရလဒ်တစ်ခုအနေဖြင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာန များ၏ ကြိုးပမ်းအားထုတ်မှုနှင့် ဆွေးနွေးညှိနှိုင်းခြင်းကြောင့် သဘောတူ စာချုပ်ကို မကြာမီလက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုကို ပြည်တွင်းနှင့် ချိတ်ဆက်နိုင်ရန် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးစင်္ကြံလမ်းများတစ်လျှောက် လိုအပ်သည့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများတွင်လည်း လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် အခွင့်အလမ်းများစွာနှင့်အတူ အဆွေတော် တို့ကို ဖိတ်ခေါ်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လက်ရှိအချိန်တွင် မြန်မာ နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ကနဦးအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ် သည်ကို တွေ့ရသည့်အတွက် များစွာဝမ်းမြောက်ရကြောင်း၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ရင်းနှီး မြှုပ်နှံမှုမှတစ်ဆင့် စိုက်ပျိုးမွေးမြူရေးအခြေပြု အဆင့်မြင့် နည်းပညာ လွှဲပြောင်းမှုအပိုင်းနှင့် စပ်လျဉ်း၍ အလေးထား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးနိုင်ခဲ့ကြောင်း ပြောသည်။
“ရုရှားနိုင်ငံက ကမ္ဘာ့မြောက်ခြမ်းတွင် အရှေ့နှင့်အနောက်ကို ရှည်လျားစွာ တည်ရှိနေပြီး အရှေ့ကဆိုရင်လည်း အာရှဒေသကနေ အနောက်ဘက် ဥရောပဒေသအထိ ကျယ်ပြန့်စွာရှိနေသည့် မဟာအင်အားကြီးနိုင်ငံ တစ်ခုဖြစ်ကြောင်း၊ ပထဝီအနေအထားကလည်း အရေးပါသည့် နိုင်ငံ တစ်ခုဖြစ်သလို နိုင်ငံတကာကနေ စိတ်ဝင်စားမှုရှိသည့် နိုင်ငံလည်း ဖြစ်ကြောင်း၊ မည်သို့ပင် ရုရှားနိုင်ငံ၏ ဖြစ်ထွန်းအောင်မြင်မှုများကို တိုက်ခိုက်နေပါစေ ရုရှားနိုင်ငံ၏ ကြွယ်ဝချမ်းသာမှုနှင့် နည်းပညာများကို နှိမ်နင်းလို့ရမည် မဟုတ်ကြောင်း၊ ထို့ကြောင့် ရုရှားတို့၏ ကြွယ်ဝမှုနှင့် နည်းပညာများကို မိမိတို့ အာရှဒေသမှာ လာရောက်ဖြန့်ကြက်ပြီး ဆောင်ရွက်စေလိုကြောင်း၊ အဆိုပါအခွင့်အရေးကို မြန်မာနိုင်ငံက ပေးချင်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံမှာ ယုံကြည်စိတ်ချစွာဖြင့်လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်း” နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
အဆိုပါ မြန်မာ-ရုရှား စီးပွားရေးဖိုရမ်အခမ်းအနားသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး Mr. Maxim Gennadyevich Reshetnikov ၊ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် အဖွဲ့ဝင်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြကြောင်း သိရှိရပါသည်။
ကိုးကား-moi.gov.mm