တရုတ်နိုင်ငံနှင့်ဖြစ်စေ၊ အခြားသူများနှင့်ဖြစ်စေ၊ စစ်မဖြစ်ပွားရအောင် ဟန့်တားလိုသည်ဆိုပါက မိမိတို့၏ အင်အားကို ခိုင်မာအောင် တည်ဆောက်ရမည်ဖြစ်ကြောင်း အမေရိကန် စစ်ဘက်ပြောကြား

News Image

  • တရုတ်နိုင်ငံနှင့်ဖြစ်စေ၊ အခြားသူများနှင့်ဖြစ်စေ၊ စစ်မဖြစ်ပွားရအောင် ဟန့်တားလိုသည်ဆိုပါက မိမိတို့၏ အင်အားကို ခိုင်မာအောင် တည်ဆောက်ရမည်ဖြစ်ကြောင်း အမေရိကန် စစ်ဘက်ပြော

အမေရိကန်၏အခွန်စည်းကြပ်မှုများနှင့်ပတ်သက်ပြီး လက်တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဟု တရုတ်အစိုးရဘက်မှ ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်၏ ပြောဆိုချက် များ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုကဲ့သို့ ထုတ်ပြန်ပြောဆိုမှုများသည် ကမ္ဘာ့အင်အားကြီးစီးပွားရေး နိုင်ငံနှစ်နိုင်ငံကြား ဆက်လက်ဖြစ်ပွားလျက်ရှိသော ကုန်သွယ်ရေးစစ်ပွဲ၌ တင်းမာမှုများ ထပ်မံတိုးမြင့်လာသည့် လက္ခဏာတစ်ခုလည်း ဖြစ်ပါသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီတီဟတ်ဆတ်သည် မတ်လ ၅ ရက်နေ့ အစောပိုင်းက လုပ်ဆောင်ခဲ့သည့် Fox သတင်းဌာနနှင့် အင်တာဗျူး တစ်ခုအတွင်း အမေရိကန်၏ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့သည် ဟုလည်း သိရှိရသည်။

တရုတ်အစိုးရသည် မည်သည့်စစ်ပွဲကိုမဆို ရင်ဆိုင်ရန်အဆင်သင့်ရှိသည် ဟု ပြောဆိုခဲ့သည့် အမေရိကန်ရှိ တရုတ်သံရုံး၏ ပြောဆိုချက်များကို တုံ့ပြန်သည့်အနေဖြင့် ပီတီဟတ်ဆတ်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရှိရပါသည်။

ပီတီဟတ်ဆတ်က ငြိမ်းချမ်းရေးကို လိုလားသည့် သူများသည် စစ်ပွဲအတွက် ပြင်ဆင်ထားရမည် ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံနှင့်ဖြစ်စေ၊ အခြားသူများနှင့်ဖြစ်စေ၊ စစ်မဖြစ်ပွားရအောင် ဟန့်တားလိုသည်ဆိုပါက မိမိတို့၏ အင်အားကို ခိုင်မာအောင် တည်ဆောက် ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂