ထရမ့်က ဟားမက်ကို နောက်ဆုံးသတိပေးချက်ထုတ်ပြန်
ဟားမက်အနေဖြင့် ကျန်ရှိနေသော ဓားစာခံများကို အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ထိုကဲ့သို့မဟုတ်ပါက ပြင်းထန်စွာ အရေးယူခြင်းခံရမည်ဟု ထရမ့်က သတိပေးလိုက်ကြောင်း သိရှိရပါသည်။
အစ္စရေးနှင့် ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့အကြား နောက်ထပ်အကျဉ်းသား လဲလှယ်ရေးဆွေးနွေးမှုများ ရပ်တန့်သွားသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ၎င်းက ယခုကဲ့သို့သတိပေးခဲ့ခြင်းဖြစ်သည်။
“ဓားစာခံများအားလုံးကို လွှတ်ပေးရန်နှင့် သေဆုံးသွားသော ဓားစာခံများ၏ ရုပ်ကြွင်းများကို ချက်ချင်းပြန်ပေးရမည်။ ထိုသို့မဟုတ်ပါက ဟားမက်တို့အတွက် နောက်ဆုံးအချိန်ဖြစ်သွားမည်” ဟု ထရမ့် က ၎င်း၏ Truth Social Platform ၌ ရေးသားခဲ့သည်။
ဇန်နဝါရီလအတွင်း နှစ်ဖက်အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ပြီး ပါလက်စတိုင်း ၂၀၀၀ ခန့်နှင့် အစ္စရေး ၃၈ ဦး တို့ကို အပြန်အလှန် လဲလှယ်ခဲ့ကြသည်။ Axios ၏သတင်းအရ အစ္စရေးအာဏာပိုင်များက အနည်းဆုံး ၂၈ ဦးသည် ဂါဇာတွင် ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု ယုံကြည်ကြသည်။
အပစ်အခတ်ရပ်စဲရေး၏ ပထမအဆင့်သည် မတ်လ ၃ ရက်(တနင်္ဂနွေ) နေ့တွင် ကုန်ဆုံးသွားပြီး နှစ်ဖက်စလုံးက တစ်ဖက်နှင့်တစ်ဖက် လိုက်နာမှုမရှိကြောင်း စွပ်စွဲခဲ့ကြသည်။ The Jerusalem Post သတင်းစာက မတ်လ ၄ ရက်(တနင်္လာ)နေ့တွင် နောက်ထပ်လဲလှယ်မှုများနှင့် ပတ်သက်သည့် ဆွေးနွေးမှုများ ရှေ့ဆက် မတိုးတော့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ Hamas ပြောရေးဆိုခွင့်ရှိသူ Hazem Qassem က CNN သို့ မတ်လ ၅ ရက်(ဗုဒ္ဓဟူး)နေ့တွင် Trump ၏ ခြိမ်းခြောက်မှုများသည် “စစ်ပြေငြိမ်းရေး သဘောတူညီချက်နှင့်ပတ်သက်၍ အရာရာကို ပိုမိုရှုပ်ထွေးစေမည်” ဟု ပြောကြားခဲ့သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂