လူ့အခွင့်အရေးကောင်စီ၏ (၅၈) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ မြန်မာနိုင်ငံဆိုင်ရာ အပြန်အလှန် ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်
ဂျီနီဗာမြို့၌ ကျင်းပလျက်ရှိသည့် လူ့အခွင့်အရေးကောင်စီ၏ (၅၈)ကြိမ်မြောက် အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏နှုတ်ဖြင့် အစီရင်ခံတင်ပြချက်နှင့်စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးပွဲကို ၂၈-၂-၂၀၂၅ ရက်နှင့် ၃-၃-၂၀၂၅ ရက်များတွင် ကျင်းပပြုလုပ်ခဲ့သည်။ သက်ဆိုင်သည့်နိုင်ငံအား ပါဝင်ခွင့်မပြုဘဲ အပြန်အလှန် ဆွေးနွေးပွဲတစ်ရပ်ကို တစ်ဖက်သတ် ကျင်းပခြင်းသည် ကောင်စီကို ဖွဲ့စည်းသည့် ဆုံးဖြတ်ချက်အဆို A/RES/60/251 ပါ အပြုသဘောဆောင်သော နိုင်ငံတကာ ဆွေးနွေးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အခြေခံမူများနှင့် ဆန့်ကျင်လျက်ရှိသည်။
အပြန်အလှန်ဆွေးနွေးမှုအတွင်း မဟာမင်းကြီးနှင့် နိုင်ငံအချို့က မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့များ၏ တိုက်ပွဲများ ပိုမိုပြင်းထန်လာကြောင်း ဆွေးနွေးပြောကြားခဲ့ကြရာ ၎င်းတို့အနေဖြင့် ယင်းသို့ဆွေးနွေးရာ၌ အကြမ်းဖက်အဖွဲ့များ၏ ရက်စက်ယုတ်မာမှုများကို ထည့်သွင်းဆွေးနွေးခြင်းမပြုဘဲ လျစ်လျူရှုမည်ဆိုပါက တရားမျှတမှုရှိမည်မဟုတ်ပါ။ အထူးသဖြင့် ကျောက်နီမော်နှင့် ဘုတလင်ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ကောင်စီတွင် အကြမ်းဖက်အဖွဲ့များ၏ မဟုတ်မမှန် လုပ်ကြံလှုံ့ဆော်မှုများ ပျံ့နှံ့နေသည်ကို မြင်တွေ့ရသည်မှာ စိတ်မကောင်းဖွယ်ပင်ဖြစ်သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်အရေးအမည်ခံလျက် အကြမ်းဖက် လုပ်ရပ်များကို ဆက်လက်ကျူးလွန်နေသော လက်နက်ကိုင်အဖွဲ့များ၏ လုပ်ရပ်ကြောင့် မြန်မာပြည်သူများ ကြုံတွေ့နေရသော စိန်ခေါ်မှုများကို နိုင်ငံတကာအသိုက်အဝန်းက ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျစွာရှုမြင်သင့်သည်။ အစိုးရ အနေဖြင့် အပြစ်မဲ့အရပ်သား ၈,၆၀၀ ကျော်ကို အသက်ဆုံးရှုံးစေခဲ့သော အကြမ်းဖက်သမားများ၏ လုပ်ရပ်များမှ ပြည်သူများအား ကာကွယ်ပေးခွင့်ရှိပြီး၊ ငြိမ်းချမ်းရေးမရရှိဘဲ ဒီမိုကရေစီပန်းတိုင်သို့ ရောက်ရှိနိုင်မည် မဟုတ် သဖြင့် တွေ့ဆုံဆွေးနွေးရေးတံခါးကို ဖွင့်ထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်အတွက် နိုင်ငံတစ်နိုင်ငံချင်းအလိုက် ပြုစုထားသော အကြမ်းဖက်မှုဆိုင်ရာ အစီရင်ခံစာ(CRT 2022)တွင်လည်း PDF အကြမ်းဖက်အဖွဲ့များ၏ တရားမဲ့လုပ်ရပ်များ ဖော်ပြပါ ရှိသည်။ အဆိုပါအစီရင်ခံစာ၌ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းသည် PDF တို့တွင် တာဝန်ရှိသည်ဟု အခိုင်အမာဖော်ပြထားသည်။ အချို့သော EAO များက PDF အကြမ်းဖက်သမားများအား တိုက်ခိုက်ရေးဆိုင်ရာ လေ့ကျင့်သင်ကြားပေးမှုများ၊ အဆောက်အအုံနှင့် လက်နက်ခဲယမ်းများထောက်ပံ့မှုများ ပြုလုပ်ခြင်းဖြင့် အားပေးထောက်ခံလျက်ရှိသည်။ EAO များကိုယ်တိုင်သည်လည်း မူးယစ်ဆေးဝါးကုန်သွယ်မှု၊ လူမှောင်ခိုကူးမှု၊ အွန်လိုင်းလိမ်လည်မှုနှင့် နိုင်ငံ၏ရှားပါးသော သဘာဝသယံဇာတ များ တင်ပို့မှုစသည့် ဥပဒေမဲ့လုပ်ရပ်များကို လုပ်ကိုင်လျက်ရှိသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် အစိုးရက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ(EAOs)၊ အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အကြမ်းဖက်သမားများအား လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေး သို့မဟုတ် ရွေးကောက်ပွဲလုပ်ငန်းစဉ်များမှတစ်ဆင့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန် ဖိတ်ကြားခဲ့သည်။ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို လက်မှတ် ရေးထိုးထားသည့်အဖွဲ့ခုနှစ်ဖွဲ့နှင့်အတူ လက်မှတ်ရေးထိုးခြင်းမပြုရသေးသည့် အဖွဲ့ခြောက်ဖွဲ့တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စုစုပေါင်း (၁၁၄)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။
အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ပြန်လည် တည်ဆောက်ရန် နှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရန် ရည်မှန်းချက်ထားရှိသည်။ မြန်မာနိုင်ငံသည် နိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အရေးပေါ်အခြေအနေဆိုင်ရာ ပြဋ္ဌာန်းချက်များ ဆောင်ရွက်ပြီးစီးသည့်အခါ များမကြာမီကာလအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လိုအပ်သော ပြင်ဆင်မှုများကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်ရှိရန်အတွက် တရားမျှတပြီး စနစ်ကျသော ရွေးကောက်ပွဲကျင်းပနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကတိကဝတ် ပြုထားသည်။ မဲဆန္ဒရှင်စာရင်းပြုစုရာ၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် လူဦးရေနှင့် အိမ်ထောင်စုသန်းခေါင်စာရင်းကို အခြေခံလျက်ကောက်ယူခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ လ ၂၇ ရက်အထိ နိုင်ငံရေးပါတီပေါင်း (၅၆)ခုတို့က တရားဝင် မှတ်ပုံတင်ထားပြီး ဖြစ်သည်။
နှုတ်ဖြင့်အစီရင်ခံတင်ပြချက်တွင်ပါရှိသော ပုံကြီးချဲ့ထားသည့် ကိန်းဂဏန်းများကို ကောက်ယူရာတွင် အသုံးပြုသည့် နည်းလမ်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီများက ရှင်းလင်းချက် ပေးပို့ခြင်း မရှိသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လက်ခံနိုင်ခြင်းမရှိဘဲ ပယ်ချရခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာအသိုက်အဝန်း၏ စိုးရိမ်ပူပန်မှုများကို မြန်မာအစိုးရက သိရှိနားလည်သော်လည်း AA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ နှောင့်နှေးလျက်ရှိရာ လုံခြုံရေးအခြေအနေ ကောင်းမွန်လာပါက အတည်ပြုစိစစ်ပြီးသော နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံနိုင်ရန် အဆင်သင့် ပြင်ဆင်ထားကြောင်း ထပ်လောင်း အသိပေးအပ်သည်။ မြန်မာအစိုးရသည် UNDP ၊ UNHCR တို့နှင့် ၂၀၁၈ ခုနှစ်တွင် သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်း စာချွန်လွှာကို နှစ်စဉ် သက်တမ်းတိုးလျက်ရှိသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် လတ်တလော လုပ်ငန်းဆောင်ရွက်နေသည့် ကုလသမဂ္ဂအေဂျင်စီ ၁၆ ခုရှိပြီး နိုင်ငံ တစ်ဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် မြေပြင်လုပ်ငန်းများ လည်ပတ်လျက်ရှိသည်။ မြန်မာအစိုးရသည် ကုလသမဂ္ဂအေဂျင်စီများအတွက် ခရီးသွားလာမှုအကြိမ် ၁၀၈၁ ကျော်နှင့် သံရုံးများအတွက် ခရီးသွားလာခွင့်အကြိမ် ၂၉၀ ကျော်ကို ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ခွင့်ပြုပေးခဲ့သည်။ ၂၀၂၁ ခုနှစ်မှစ၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အကြီးတန်းအရာရှိများ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြသည့် တရားဝင်ခရီးစဉ် အကြိမ်(၃၀)ကိုလည်း ခွင့်ပြုပေး ခဲ့သည်။ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် အာဆီယံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းမှုဗဟိုဌာန(AHA Center)၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပထမအဆင့်(Phase-1) ပေးအပ်မှု ပြီးစီးခဲ့ပြီးဖြစ်သည်။ ဒုတိယအဆင့်(Phase-2)အဖြစ် စစ်ကိုင်း၊ ပခုက္ကူ၊ ဆိပ်ဖြူ၊ မကွေး၊ ညောင်ရွှေ၊ တောင်ကြီး၊ ကလော၊ ဆီဆိုင်၊ မုံရွာနှင့် ဘားအံမြို့နယ်များရှိ လိုအပ်လျက် ရှိသော ပြည်သူများထံသို့ အမေရိကန်ဒေါ်လာ ၂.၈၅ သန်းကျော်တန်ဖိုးရှိ စားနပ်ရိက္ခာနှင့် စားနပ်ရိက္ခာ မဟုတ်သည့် ပစ္စည်းများကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့အထိ ဖြန့်ဝေခဲ့သည်။
မြန်မာနိုင်ငံသည် လူ့အခွင့်အရေးကို အရေခြုံလျက် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် နိုင်ငံတစ်နိုင်ငံအပေါ် ဦးတည်သော ဆုံးဖြတ်ချက်အဆိုများ၊ လုပ်ပိုင်ခွင့်များ၊ ယင်းနှင့် ဆက်စပ်သော ဆွေးနွေးမှုများကို အခြေခံမူအရ အစဉ်တစိုက် ကန့်ကွက်သည်။ မြန်မာနိုင်ငံသည် နိုင်ငံတစ်နိုင်ငံအပေါ် ပစ်မှတ်ထားသည့် ဆွေးနွေးပွဲများ ကျင်းပခြင်းကို ထပ်လောင်းကန့်ကွက်ပြီး ဆွေးနွေးပွဲ၌ မဟာမင်းကြီးနှင့် အချို့ကိုယ်စားလှယ်အဖွဲ့များ၏ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်ပြီး လွဲမှားသည့်ကိန်းဂဏန်းများပါရှိသည့် ပြောကြားချက်များကို ပြတ်သားစွာ ကန့်ကွက်သည်။
ကိုးကား- https://www.mofa.gov.mm