ဥရောပအား လက်နက်ပြန်လည်တပ်ဆင်ရေးအတွက် ယူရိုဘီလီယံ ၈၀၀ အသုံးပြုမည့် အစီအစဉ်ကို အီးယူအကြီးအကဲ အဆိုပြု
ဘရပ်ဆဲလ်၊ မတ် ၅ ရက်
ဥရောပသမဂ္ဂတလွှား ကာကွယ်ရေးအသုံးစရိတ် သိသိသာသာ တိုးမြှင့်သည့်အနေဖြင့် ယူရိုဘီလီယံ ၈၀၀ (အမေရိကန်ဒေါ်လာ ၈၄၄.၆ ဘီလီယံ) အသုံးပြုမည့် အစီအစဉ်အား ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က မတ် ၄ ရက်၌ ကြေညာခဲ့သည်။
ဥရောပသမဂ္ဂ (အီးယူ) တလွှား၌ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ အရှိန်မြင့်တက်လာမှုကို တုံ့ပြန်ရန်အတွက် ဥရောပအနေဖြင့် လက်နက်ပြန်လည်တပ်ဆင်သည့် ခေတ်ကာလသို့ ရောက်ရှိလာခဲ့သည်ဟု ၎င်းက ဆိုသည်။
မတ် ၆ ရက် ဥရောပကောင်စီ အစည်းအဝေးမတိုင်မီ အီးယူခေါင်းဆောင်များထံ ရေးသားပေးပို့ခဲ့သည့် စာ တစ်စောင်၌ ဗွန်ဒါလေယန်က “ReArm Europe” (ဥရောပအား လက်နက်ပြန်လည်တပ်ဆင်ခြင်း) အစီအစဉ် အား ထုတ်ဖော်ကြေညာခဲ့ပြီး အထူးသဖြင့် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခကြောင့် ပထဝီဝင်နိုင်ငံရေး တင်းမာမှုများ မြင့်တက်လာမှု၊ မြောက်အတ္တလန္တိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (နေတိုး) အား အမေရိကန်၏ ထောက်ခံပံ့ပိုးမှု အလားအလာအပေါ် စိုးရိမ်မှုများကို ထောက်ရှုလျက် ဥရောပ၏ ကာကွယ်ရေး စွမ်းရည်များကို အရေးတကြီး အင်အားဖြည့်တင်းရန် လိုအပ်နေသည်ဟုလည်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။
“ဥရောပဟာ မိမိတို့ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ကြီးကြီးမားမားတိုးမြှင့်ဖို့ အသင့်ရှိနေပါပြီ။ ယူကရိန်းကို ထောက်ပံ့ကူညီဖို့ ရေတိုအားဖြင့် အရေးတကြီးလိုအပ်နေမှုကို တုံ့ပြန်ဆောင်ရွက်ဖို့အတွက်ရော ဥရောပရဲ့ ကိုယ်ပိုင်လုံခြုံရေးအတွက် သိသိသာသာ ပိုမိုတာဝန်ယူဖို့ ရေရှည် လိုအပ်လာမှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက်ပါ အဲဒီလိုလုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ