တောင်ကိုရီးယားလေတပ်မှ တိုက်လေယာဉ်တစ်စီး လေ့ကျင့်ရေးဧရိယာပြင်ပ၌ ဗုံးများ မတော်တဆပြုတ်ကျ
တောင်ကိုရီးယားလေတပ်မှ တိုက်လေယာဉ်တစ်စီးသည် လေ့ကျင့်ရေးဧရိယာပြင်ပ၌ မတော်တဆ ဗုံး(၈)လုံး ပြုတ်ကျခဲ့ရာ အဆောက်အဦများပျက်စီးခဲ့ပြီး အရပ်သားပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကိုရီးယား တပ်မတော်က ထုတ်ပြန်ကြေညာခဲ့ပါသည်။
အဆိုပါဖြစ်စဉ်သည် မတ်လ (၆) ရက် ဒေသစံတော်ချိန် (၁၀:ဝဝ) နာရီကျော်ခန့်တွင် ဆိုးလ်မြို့၏ အရှေ့မြောက်ဘက်၊ ၄၀ ကီလိုမီတာခန့်အကွာ Pocheon မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မီးသတ်သမားများ၏ပြောကြားချက်အရ နေအိမ် (၂) လုံးနှင့် Church ကျောင်း (၁) ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက်မှ (၂) ဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်း သိရှိရပါသည်။
အဆိုပါတိုက်လေယာဉ်သည် စစ်ရေးလေ့ကျင့်မှုအတွင်း ပါဝင်ဆောင်ရွက်လျက်ရှိပြီး တောင်ကိုရီးယား စစ်ဘက်က ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား-NHK World
အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင် (နစက-၄)