ကနေဒါနှင့် မက္ကဆီကိုမှ မော်တော်ယာဉ်များအပေါ် ထပ်တိုးအခွန် စည်းကြပ်မှု အမေရိကန်ပြည်ထောင်စု တစ်လတာ ဆိုင်းငံ့

News Image

  • ကနေဒါနှင့် မက္ကဆီကိုမှ မော်တော်ယာဉ်များအပေါ် ထပ်တိုးအခွန် စည်းကြပ်မှု အမေရိကန်ပြည်ထောင်စု တစ်လတာ ဆိုင်းငံ့

ကနေဒါနှင့် မက္ကဆီကိုနိုင်ငံများမှ သွင်းကုန်အချို့အပေါ် အခွန်စည်းကြပ်မှု ဆိုင်းငံ့ကြောင်း အမေရိကန်သမ္မတ Donald Trump အစိုးရအဖွဲ့က ကြေညာခဲ့ပါသည်။ အမေရိကန်-မက္ကဆီကို-ကနေဒါ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်၏ စည်းမျဉ်းများအရ အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းသည့် မော်တော်ယာဥ်များအပေါ် အခွန် ကောက်ခံမှုကို အမေရိကန်အစိုးရက တစ်လတာ ဆိုင်းငံ့ထားမည် ဖြစ်သည်။

Trump သည် မတ်လ ၄ ရက်(အင်္ဂါ)နေ့မှစတင်ပြီး ယင်းနိုင်ငံများမှ သွင်းကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံရန် အမိန့်ချမှတ် ခဲ့ပါသည်။

အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် Karoline Leavitt က "Big 3" ဟု ရည်ညွှန်းခေါ်ဆိုကြသည့် မော်တော်ကားထုတ်လုပ်သော ကုမ္ပဏီများမှ အမှုဆောင်အရာရှိများနှင့် သမ္မတ Trump တွေ့ဆုံဆွေးနွေးပြီးနောက် အဆိုပါဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း မတ်လ ၅ ရက် (ဗုဒ္ဓဟူး)နေ့တွင် ပြောကြားခဲ့သည်။

Trump သည် အဆိုပါ မော်တော်ကားထုတ်လုပ်သူများ စီးပွားရေးအရ အခွင့်မသာသည့်အနေအထား ကျရောက်ခြင်းကိုလည်း မဖြစ်စေချင်ကြောင်း Leavitt က ပြောကြားခဲ့ပါသည်။

မက္ကဆီကိုနှင့် ကနေဒါတို့အပေါ် စည်းကြပ်ခဲ့သော အကောက်ခွန်သစ်များ အင်္ဂါနေ့တွင် စတင်အသက်ဝင်လာပြီးနောက် စတော့ရှယ်ယာဈေးကွက်များ ထိုးကျခဲ့သည်။

သုံးနိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲသည် နိုင်ငံသုံးနိုင်ငံစလုံး၏ စီးပွားရေး အတွက် ကြီးမားသော အန္တရာယ်များဖြစ်စေနိုင်ပြီး စီးပွားရေးတိုးတက်မှုကို ထိခိုက်စေကာ ဈေးနှုန်းများ မြင့်တက်လာစေပြီး အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်လာစေနိုင်သည်။

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂