လိုအပ်မည်ဆိုပါက တရုတ်နိုင်ငံနှင့် စစ်မက်ပြုရန်အသင့်ရှိဟု    အမေရိကန်ကာကွယ်ရေးဝန်ကြီးပြော

News Image

  • လိုအပ်မည်ဆိုပါက တရုတ်နိုင်ငံနှင့် စစ်မက်ပြုရန်အသင့်ရှိဟု    အမေရိကန်ကာကွယ်ရေးဝန်ကြီးပြော

ဝါရှင်တန်၊ စစ်ရေး

အမေရိကန်ပြည်ထောင်စုအနေဖြင့် လိုအပ်မည်ဆိုပါက တရုတ်နိုင်ငံနှင့် စစ်မက်ပြုရန်အသင့်ရှိကြောင်း   အမေရိကန်ကာကွယ်ရေးဝန်ကြီး  ပိဟတ်ဆက်က ပြောကြားခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံက အမေရိကန်နှင့်မည်သည့် စစ်ပွဲမျိုးကိုမဆို ဆင်နွှဲရန်အသင့်ရှိသည်ဟု အမေရိကန်ရှိ တရုတ်သံရုံးက ပြောကြားခဲ့ပြီးနောက် ပိဟတ်ဆက်က Fox သတင်းဌာနနှင့် မတ်လ ၅ ရက် အစောပိုင်းက လုပ်ဆောင်သည့်  တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် အယူအဆအမျိုးမျိုးခံယူထားသည့် ဩဇာအာဏာရှိ နိုင်ငံကြီးများတည်ရှိသော အန္တရာယ်ကြီးမားသည့် ကမ္ဘာကြီးပေါ်တွင် တည်ရှိလျက်ရှိကြောင်း၊ အဆိုပါနိုင်ငံကြီးများသည် အမေရိကန်၏နေရာတွင် အစားထိုးဝင်ရောက်နိုင်ရေးအတွက် ကာကွယ်ရေး အသုံးစရိတ်များတိုးမြှင့်သုံးစွဲ၍ နည်းပညာများကိုလည်း  အဆင့်မြှင့်တင်လျက်ရှိကြောင်း ပိဟတ်ဆက်က ဆက်လက်ပြောကြားသည်။

ထို့ကြောင့်    အမေရိကန်အနေဖြင့်တရုတ်နိုင်ငံ သို့မဟုတ် အခြားနိုင်ငံတို့နှင့် ဖြစ်ပွားမည့်စစ်ပွဲကို တားဆီးနိုင်ရေးအတွက် အင်အားတောင့်တင်းရန်လိုအပ်မည်ဖြစ်ပြီးငြိမ်းချမ်းရေးကို မျှော်လင့်တောင့်တသည့် နိုင်ငံများကလည်း စစ်ပွဲအတွက်အသင့်ပြင်ဆင်ရမည်ဖြစ်သည်ဟု  ၎င်းက တွေ့ဆုံမေးမြန်းခန်းတွင် ဆက်လက်ပြောကြားခဲ့ကြောင်းသိရသည်။

အမေရိကန်ပြည်ထောင်စုရှိ တရုတ်သံရုံး၏   အဆိုပါပြောကြားချက်သည် အမေရိကန်သမ္မတ    ဒေါ်နယ်ထရမ့်က တရုတ်ကုန်ပစ္စည်းများအပေါ်  အခွန်နှစ်ဆတိုးမြှင့်ကောက်ခံမှုကြောင့်  တရုတ်နှင့် အမေရိကန်တို့ကြား ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပွားနေစဉ်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။                  
Ref: RT

Source: https://myawady.net.mm/