ဒုတိယကမ္ဘာစစ်က မပေါက်ကွဲသေးသော ဗုံးတစ်လုံးကြောင့် ပါရီမြို့ အပြင်ဘက်ရှိ ဘူတာတွင် လန်ဒန်နှင့်မြောက်ပိုင်း ပြင်သစ်သို့သွားမည့် Eurostar ရထားများ ရပ်နားထားရ
ပြင်သစ်နိုင်ငံ၏ လူအသုံးပြုမှုအများဆုံး ဘူတာရုံသို့ သွားရောက်ရာ ရထားလမ်းတွင် ဒုတိယကမ္ဘာစစ်ကာလက မပေါက်ကွဲသေးသော ဗုံး တစ်လုံးကို မတ်လ ၇ ရက်နေ့ နံနက်ပိုင်း၌ တွေ့ရှိခဲ့ပြီးနောက် လန်ဒန်သို့သွားသော Eurostar ရထားများနှင့် မြောက်ပိုင်း ပြင်သစ်သို့ သွားသော ရထားခရီးစဉ်များအားလုံးကို ရပ်နားထားခဲ့သည်။
ပါရီရဲတပ်ဖွဲ့က ယင်းနေ့ နံနက် ၄ နာရီတွင် Saint Denis ရှိ ရထားလမ်းလုပ်သားများက ဒုတိယကမ္ဘာစစ်ကာလက ဗုံးတစ်လုံးကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ပါရီရဲတပ်ဖွဲ့က CNN သို့ပြောကြားရာတွင် လုံခြုံရေးနယ်နိမိတ်ကို ချက်ချင်းသတ်မှတ်ခဲ့ပြီး Gare du Nord မှ မြို့တွင်းနှင့် ဆင်ခြေဖုံး ရထားလမ်းများကို ရပ်တန့်စေခဲ့ကြောင်း ပြောကြားခဲ့သည်။
ပါရီရဲတပ်ဖွဲ့၏အဆိုအရ ပါရီမြို့မှ ဗုံးရှင်းလင်းရေးအဖွဲ့မှ နည်းပညာရှင်များက ရှင်းလင်းခဲ့ပြီး SNCF ပြောရေးဆိုခွင့်ရှိသူက ကြီးမားသော ဗုံးတစ်လုံး ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့၏ တောင်းဆိုချက်အရ Gare du Nord ဘူတာတွင် နံနက်ခင်းပိုင်းတွင် ယာဉ်အသွားအလာများ ရပ်ဆိုင်းထားခဲ့ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။
Gare du Nord သည် ပြင်သစ်နိုင်ငံမြောက်ပိုင်း နိုင်ငံတကာ ခရီးစဉ်များအပြင် ပါရီမြို့ရှိ အဓိကလေဆိပ်နှင့် ဒေသဆိုင်ရာ ခရီးသွားအများအပြားကို ဝန်ဆောင်မှုပေးသော အဓိက ဥရောပ သယ်ယူပို့ဆောင်ရေး အချက်အခြာ ဖြစ်သည်။
ကိုးကား-BBC
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂