Microsoft က တောင်အာဖရိကတွင် AI နည်းပညာအတွက် သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံမည်
အမေရိကန် နည်းပညာကုမ္ပဏီကြီး Microsoft ၏ Vice chair နှင့် President Brad Smith က တောင်အာဖရိကတွင် AI နှင့် Cloud အခြေခံအဆောက်အအုံများအတွက် လာမည့်နှစ်နှစ်အတွင်း ဒေါ်လာ သန်း ၃၀၀ နီးပါးရင်းနှီးမြှုပ်နှံမည်ဟု ကြေညာခဲ့သည်။
မတ်လ ၆ ရက်(ကြာသပတေး)နေ့တွင် တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန် နက်စ်ဘတ်မြို့၌ ကျင်းပသောအခမ်းအနားတစ်ခု၌ Smith က အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် Microsoft ၏ Azure ဝန်ဆောင်မှုများအတွက် ဒေသတွင်းမှ တိုးမြင့်လာသော ဈေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန်နှင့် တောင်အာဖရိက၏ AI နည်းပညာဈေးကွက်ကို ကမ္ဘာ့ အဆင့်မီဖြစ်လာရန် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် ပံ့ပိုးပေးမည်ဟု ဆိုသည်။
Microsoft သည် တောင်အာဖရိကအတွက် နှစ် ၃၀ ကျော်ကြာ စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်ပေးနေသော မိတ်ဖက်တစ်ဦး ဖြစ်ပြီး ယခုနောက်ဆုံးရင်းနှီးမြှုပ်နှံမှုသည် တောင်အာဖရိက နိုင်ငံသားများအား နည်းပညာများပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတိုးတက်လာစေရေးနှင့် လူငယ်များ၏ လုပ်ငန်းကျွမ်းကျင်မှုအရည်အသွေးများ မြင့်မားလာစေရေး အတွက် ၎င်းတို့၏ တိုးချဲ့ဆောင်ရွက်မှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည် ဟု Smith က ပြောကြားခဲ့သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂