အစ္စရေးစစ်တပ် အကြီးအကဲသစ် စတင်တာဝန်ယူ ရန်သူများကို ပြင်းပြင်း ထန်ထန် ချေမှုန်းမည်ဟု ကတိပြု
အစ္စရေး ကာကွယ်ရေးတပ် (IDF) ၏ ၂၄ ဦးမြောက် အကြီးအကဲအဖြစ် အိုင်ယာ ဇာမီယာက မတ် ၅ ရက်၌ စတင်တာဝန်ယူခဲ့ပြီး အစ္စရေး၏ စစ်မျက်နှာအသီးသီးတွင် ဖွင့်ထားသော စစ်ပွဲကို ဆက်လက်ဆင်နွှဲမည် ဖြစ်ကာ ရန်သူများကို ပြင်းပြင်းထန်ထန် ချေမှုန်းသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
အစ္စရေးအစိုးရက အသက် ၅၉ နှစ်အရွယ် ဇာမီယာအား စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်မှုကို ဖေဖော်ဝါရီ ၁၆ ရက်၌ အတည်ပြုခဲ့ပြီးနောက် တဲလ်အဗစ်မြို့ရှိ ကီရာယာ စစ်အခြေစိုက်စခန်း၌ ပြုလုပ်သည့် ကွပ်ကဲမှု တာဝန်လွှဲပြောင်းခြင်း အခမ်းအနားတွင် ၎င်းက ရာထူးတာဝန်သစ်ကို စတင်ထမ်းဆောင်ခဲ့ ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်၌ ဟားမက်အဖွဲ့ ဦးဆောင်သော တိုက်ခိုက်မှုအတွင်း အစ္စရေး ပြည်သူများအား အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့သည်ဟု ဝန်ခံကာ ဇန်နဝါရီလအတွင်း ရာထူးမှ နုတ်ထွက်သွားသည့် ဟာဇီဟာလီဗီ၏နေရာကို ၎င်းကဆက်ခံခဲ့ခြင်းဖြစ်သည်။ ဇာမီယာမှာ ၁၉၈၅ ခုနှစ်တွင် စစ်တပ် ထဲသို့ စတင်ဝင်ရောက်ခဲ့ကာ တစ်နှစ်အကြာတွင် တင့်ကားကွပ်ကဲသူဖြစ်လာခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း တစ်ဦးလည်းဖြစ်သည်။ ထို့နောက် ၎င်းအနေဖြင့် တောင်ပိုင်းစစ်ဒေသကြီး ကွပ်ကဲရေးမှူးအဖြစ်လည်းကောင်း၊ ဒုတိယစစ်ဦးစီးချုပ် အဖြစ်လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ