ပြင်သစ်သမ္မတ မက်ခရွန်၏ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုမရှိသည့် ဥရောပနိုင်ငံများအပေါ် အကာအကွယ်ပေးမည့်အစီအစဉ်အား ရုရှားက ပြင်းပြင်းထန်ထန်ဝေဖန်

News Image

  • ပြင်သစ်သမ္မတ မက်ခရွန်၏ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုမရှိသည့် ဥရောပနိုင်ငံများအပေါ် အကာအကွယ်ပေးမည့်အစီအစဉ်အား ရုရှားက ပြင်းပြင်းထန်ထန်ဝေဖန်

ပြင်သစ်သမ္မတ Emmanuel Macron က ၎င်း၏ဥရောပမဟာမိတ်နိုင်ငံများကို အကာအကွယ်ပေးရန်အတွက် ပြင်သစ်၏ နျူကလီးယားလက်နက်ကာကွယ်တာဆီးရေးအစီအစဉ်ကိုအသုံးပြုရန် လမ်းဖွင့်ထားကြောင်း ပြောကြားချက်ကို ရုရှားက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်မှုမရှိသည့် ဥရောပနိုင်ငံများအပေါ် အကာအကွယ်ပေးမည့်အစီအစဉ်ကို ပြင်သစ် သမ္မတမက်ခရွန်က မတ်လ ၅ ရက် (ဗုဒ္ဓဟူးနေ့)တွင် ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောစဉ်တွင် အဆိုပြုခဲ့သည်။ ထို့အပြင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိပြီးနောက်ပိုင်းတွင်လည်း ယူကရိန်းတွင် ဥရောပငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များ ဖြန့်ကြက်ချထားရေးအစီအစဉ်ကိုလည်း ၎င်းက ပြောကြားခဲ့သည်။

မက်ခရွန်၏ ပြောဆိုချက်များသည် နိုင်ငံအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၆ ရက်(ကြာသပတေးနေ့)တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ပြင်သစ်သည် အမေရိကန်၏နေရာတွင် အစားထိုးဝင်ရောက်ပြီး ဥရောပတစ်ခွင်လုံး၏ နျူကလီးယားဥသျှောင်ဖြစ်လာရန် ရည်မှန်းချက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

မက်ခရွန်သည် နပိုလီယံကဲ့သို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ မက်ခရွန်ထံမှ ရန်လိုသည့်အပြုအမူမျိုးကို မြင်တွေ့ရသည်မှာအလွန်ထူးဆန်းလှကြောင်း၊ ရုရှားကိုအနိုင်ယူလိုသည့် နပိုလီယံကဲ့သို့ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က စွပ်စွဲပြောဆိုခဲ့ပါသည်။

ဥရောပကော်မရှင်၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ Jose Manuel Barroso က “မက်ခရွန်၏ လုပ်ဆောင်ချက်များကို နားလည်ကြောင်း၊ ပြင်သစ်သည် ဥရောပသမဂ္ဂနိုင်ငံများထဲတွင် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံတစ်ခု ဖြစ်ပြီး နျူကလီးယားလက်နက်အန္တရာယ်မှ ကာကွယ်တားဆီးနိုင်သည့်နိုင်ငံတစ်နိုင်ငံလည်းဖြစ်ကြောင်း၊ နျူးကလီးယား လက်နက်များသုံးစွဲမှုကို ဆန့်ကျင်သော်လည်းပဲ ယင်းလက်နက်အန္တရာယ်မှ အကာအကွယ်ပေးနိုင်မည့် အာမခံချက် ရှိရန်လည်း လိုအပ်ကြောင်း၊ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသည့် ဥရောပခေါင်းဆောင်များ၏ အရေးပေါ်အစည်းအဝေးတစ်ရပ်၌ ဥရောပနိုင်ငံများလုံခြုံရေးအတွက် ယူရို ဘီလီယံ ၈၀၀ (အမေရိကန်ဒေါ်လာ ၈၆၀ ဘီလီယံ)အထိ ထည့်ဝင်သုံးစွဲသွားရန် သဘောတူညီခဲ့ကြကြောင်း၊ ဤသည်မှာ လုံခြုံရေးကဏ္ဍအတွက် ငွေကြေးပိုမိုသုံးစွဲရန်အတွက်အရေးကြီးသည်သာမက ဥရောပနိုင်ငံများအချင်းချင်း သွေးစည်းညီညွတ်ရေးအတွက်လည်း အရေးကြီးသည့် လုပ်ဆောင်ချက်မျိုးပင်ဖြစ်ကြောင်း” မတ်လ (၆)ရက်နေ့က တိုကျိုမြို့၌ NHK သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှု တစ်ခုတွင် ဆွေးနွေးပြောကြားခဲ့ပါသည်။

ကိုးကား- NHK

အလွတ်သဘောဘာသာပြန်ဆိုသူ-ဦးထက်ထက်အောင် (နစက-၄)