ရှမ်းမြောက်ဒေသရှိ လက်နက်ကိုင်များအကြား နယ်မြေအငြင်းပွားမှုမှ လူမျိုးရေးဖိနှိပ်မှုများအထိဖြစ်လာ
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လက်နက်ကိုင်များအကြား နယ်မြေအငြင်းပွားမှုမှ လူမျိုးရေးဖိနှိပ်မှုများအထိဖြစ်လာကြောင်း ဒေသခံများက NP News သို့ပြောသည်။
ယခုနောက်ပိုင်း ရှမ်းမြောက်နယ်မြေ အငြင်းပွားမှုများအတွင်း အဆိုးရွားဆုံးအဖြစ် ပြီးခဲ့သည့် မတ်လ (၅) ရက်က ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာ အုပ်စု၊ ပိန်းခမ်းရွာအနီး နမ့်လင်းချောင်းတွင် ရွှေတူးခြင်းကြောင့် အချင်း များရာမှ MNDAA ၏ ပစ်ခတ်မှုကြောင့် KIA နှစ်ဦးအပါအဝင် ဒေသခံ (၄) ဦး သေဆုံး ခဲ့ရကြောင်း သိရသည်။
“MNDAA က ပစ်ခတ်လိုက်သဖြင့် အရပ်သားဆုံးသွားပါကြောင်း၊ သေဆုံးသူများထဲတွင် KIA နှစ်ယောက်လည်းပါဝင်ပါကြောင်း၊ နောင်ချို နှင့် သီပေါအနားတွင်လည်း ယခင်က ပစ်ခတ်မှုကြောင့် သေဆုံးမှုများလည်းရှိကြောင်း၊ ထိုသို့ သေဆုံးမှုများတွင် အရပ်သားများလည်း ပါဝင်ပါကြောင်း၊ ယင်းကာလနောက်ပိုင်းတွင် နယ်မြေအငြင်းပွားမှုဆိုသည်ထက် လက်နက် ကိုင်အငြင်းပွားမှုများကနေ ပစ်ခတ်မှုများ ရှိလာကြောင်း၊ နောက်ပိုင်းမှာ တစ်နေ့ထက်တစ်နေ့ ပိုပြီးဆိုးလာပါကြောင်း၊ ကွတ်ခိုင် ဆိုတာလည်း ရှမ်းမြောက်ဒေသပဲ ဖြစ်ပါကြောင်း” ၎င်းက ပြောသည်။ ထို့ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ လက်နက်ကိုင်အဖွဲ့များ၏နယ်မြေအငြင်းပွားမှုများသည် တစ်စထက်တစ်စပိုမို ဆိုးရွားလာပြီး ဒေသခံသေဆုံးမှုများ အထိပင်ဖြစ်ပေါ်လာပြီဖြစ်ကြောင်း အထက်ပါ ဒေသခံက ဆိုသည်။
“ထိုကိစ္စဖြစ်ပြီး ကွတ်ခိုင်မှာဆန္ဒပြကြပါကြောင်း၊ ပြောရမည်ဆိုပါကတစ်ဖက်ကလက်နက်ကိုင်အဖွဲ့၏ အားပေးအားမြှောက်ပြုမှုကြောင့်ဖြစ်ကြခြင်းဖြစ်ပါကြောင်း၊ ကြားထဲက ပြည်သူက ဓားစားခံ ဖြစ်ရ ပါကြောင်း၊ ကွတ်ခိုင်ပြည်သူများ၏ အမာခံက KIA ကွတ်ခိုင် ပြည်သူ လူထုက ကချင်လူမျိုးများပါကြောင်း၊ ထို့ကြောင့် KIA က MNDAA နှင့် ပြဿနာဖြစ်ကြပါကြောင်း၊ ကွတ်ခိုင်က တိုင်းရင်းသား လူမျိုး တော်တော် များနေသည့်နေရာဖြစ်ပါကြောင်း၊ ယခုနောက်ပိုင်းတွင် လူကြီးများ တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်သော်လည်း အောင်မြင်မှုမရှိပါကြောင်း” အထက်ပါ ဒေသခံက ပြောသည်။
အလားတူ ပြီးခဲ့သည့်ဇန်နဝါရီလ နှောင်းပိုင်းကလည်း နမ့်ဖတ်ကာ၊ မုံးဝီး၊ နမ့်အွန်၊ ပန်ခါးလေး ဒေသများဘက်တွင် KIA နှင့် TNLA တို့ နယ်မြေ အငြင်းပွားရာမှ အပြန်အလှန်ထိုးကြိတ်မှုဖြစ်ပွားခဲ့သည်။
ထို့ပြင် ဖေဖော်ဝါရီလအတွင်းကလည်း ရှမ်းပြည် နယ်မြောက်ပိုင်း KIA တောင်ပိုင်း တိုင်းစစ်ဌာနချုပ်၊ တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၃၄) နယ်မြေတွင် TNLA က KIO ၏ တိုက်နယ်ရုံး (၂) ရုံး၊ ဂိတ်စခန်း (၄) ခု နှင့် ပြည်သူ့စစ် MHH စခန်းတို့ကို အင်အားအလုံးအရင်းအသုံးပြုကာ သိမ်းယူထားသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၇ ရက်ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံမြို့နယ် မန်မောက်ကျေးရွာတွင် ရောက်ရှိနေသည့် KIA အဖွဲ့ဝင် (၁၆၀) ကျော်ကို မန်တုံနှင့်ဟိုမိန်းဘက်မှ အင်အားအလုံးအရင်းဖြင့် တက်လာသော TNLA အဖွဲ့မှ အင်အား(၄၀ဝ) ခန့် က ဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး KIA အဖွဲ့ဝင် (၁၂) ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်းသိရသည်။ ထို့ကြောင့်ရှမ်းမြောက်ဒေသရှိ နယ်မြေအငြင်းပွားမှုများသည် ယခုအခါတွင် လူမျိုးရေးအရ ဖိနှိပ်ခြင်းများအထိ ဆိုးရွားလာကြောင်းလည်း ၎င်းက ဆိုသည်။
“ပိုဆိုးလာသည့် အခြေအနေဖြစ်လာပါကြောင်း၊ အမုန်းတရားများကြောင့် အမြစ်တွယ်နေရခြင်းဖြစ်ပါကြောင်း၊ ရှမ်းမြောက်အခြေအနေကို ပိုပြီး သုံးသပ်ရမည်ဆိုပါက လူမျိုးရေးအရပြဿနာများ ရှိနေပါကြောင်း” အထက်ပါ သတင်းရင်းမြစ်ကဆိုသည်။
ရှမ်းမြောက်ဒေသတွင် KIA နှင့် MNDAA ၊ TNLA လက်နက်ကိုင် သုံးဖွဲ့ သည် ပတ်လည်နယ်မြေအငြင်းပွားမှုများရှိနေသည့်အတွက် ဇတ်ရှိန်မြင့် နေပြီဖြစ်ပြီး တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများစိုးရိမ်နေရကြောင်း သိရသည်။
ကိုးကား-NP News