ဇီလန်စကီးသည် ဘိုင်ဒင်ထံမှ ငွေများကို “ကလေးထံမှ သကြားလုံး ယူသကဲ့သို့” လွယ်လင့်တကူ ရယူခဲ့သည်ဟု ထရမ့်ဆို
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီး၏ ယခင်အစိုးရထံမှ ဘီလီယံပေါင်းများစွာသော ဒေါ်လာများ ရယူနိုင်စွမ်းကို “ကလေးထံမှ သကြားလုံးယူသကဲ့သို့” လွယ်လင့်တကူ ရယူနိုင်သည်ဟု နှိုင်းယှဉ်ပြောဆိုခဲ့သည်။
ထရမ့်သည် ယခင်သမ္မတဖြစ်သူ၏ ယူကရိန်းအား ထိန်းချုပ်မှုမရှိသော ရက်ရောမှုကို ထပ်ခါတလဲလဲဝေဖန်ခဲ့ပြီး ဝါရှင်တန်သည် အပြန်အလှန် အနေဖြင့် မည်သည့်အကျိုးခံစားခွင့်မျှ မရရှိကြောင်း မတ် ၉ ရက် (တနင်္ဂနွေ) နေ့တွင် Fox News နှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်း၌ ထောက်ပြခဲ့သည်။
ထရမ့်က ယူကရိန်းကို ဒေါ်လာ ၃၅၀ ဘီလီယံ ထောက်ပံခဲ့သည်ဟု ထပ်လောင်းပြောကြားခဲ့ပြီး ယူကရိန်းခေါင်းဆောင်က ကျေးဇူးတင်စကား မဆိုခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ ထရမ့်က ၂၀၂၂ ခုနှစ်တွင် ၎င်းသည် အမေရိကန်သမ္မတဖြစ်နေပါက ယူကရိန်းအရေးအခင်းသည် လက်နက်ကိုင်ပဋိပက္ခအဖြစ်သို့ ရောက်ရှိခဲ့မည်မဟုတ်ဟု ထပ်မံ ပြောကြား ခဲ့သည်။
ထရမ့်က “ယူကရိန်းတို့သည် ပြေလည်မှုရရန် မလိုလားပါက မိမိတို့အနေဖြင့် ထိုအရေးကိစ္စမှ ရုန်းထွက်သွားမည်” ဟု သတိပေးခဲ့သည်။ အမေရိကန်၏ နောက်ထပ်ကူညီမှုများသည် မော်စကိုနှင့် ငြိမ်းချမ်းရေး ရရှိရန် ကတိကဝတ်ပြသမှုအပေါ် မူတည်မည်ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။
ဖေဖော်ဝါရီလကုန်ပိုင်းတွင် ထရမ့်နှင့် ဇီလန်စကီးတို့ အိမ်ဖြူတော် ဆွေးနွေးပွဲ၌ အငြင်းပွားမှုများအပြီးတွင် အမေရိကန်သည် ယူကရိန်းသို့ စစ်ရေးအကူအညီပေးမှုများကို ရပ်ဆိုင်းထားခဲ့ပြီး CIA ဒါရိုက်တာ ဂျွန်ရက်ကလစ်ဖီးက ယူကရိန်းနှင့် ထောက်လှမ်းရေး သတင်းမျှဝေမှုကိုလည်း ရပ်ဆိုင်းထားကြောင်း အတည်ပြုခဲ့သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂