ဖယ်ခုံရှမ်းကျောင်းမှ ပရဟိတဆရာတော်ကို “ဒလန်” ဟု စွပ်စွဲကာ ပျားစစ်ကြောင်းအမည်ခံ PDF အဖွဲ့ က သတ်ဖြတ်ကြောင်း ဝန်ခံလာ

News Image

  • ဖယ်ခုံရှမ်းကျောင်းမှ ပရဟိတဆရာတော်ကို “ဒလန်” ဟု စွပ်စွဲကာ ပျားစစ်ကြောင်းအမည်ခံ PDF အဖွဲ့ က သတ်ဖြတ်ကြောင်း ဝန်ခံလာ

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံရှမ်းကျောင်းမှ ပရဟိတ ဆရာတော် ကို “ဒလန်” ဟု စွပ်စွဲကာ ပျားစစ်ကြောင်းအမည်ခံ PDF အကြမ်းဖက် အဖွဲ့ကသတ်ဖြတ်ကြောင်း ဝန်ခံချက်ထုတ်ပြန်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်၊ ညနေ ၄ နာရီအချိန်ခန့်က ဖယ်ခုံမြို့နယ် ဖယ်ခုံရှမ်းကျောင်း ဆရာတော် ဦးဓမ္မသာရနှင့် အိုက်ပီး တို့ကို PDF အဖွဲ့က ဆိုင်ကယ် (၄) စီးဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ - PK Police ဟု ၎င်းတို့ ဘာသာအမည်ပေးထားသော PDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဆရာတော် အား “ဒလန်” ဟု စွပ်စွဲကာ စစ်ဆေးရန်ခေါ်စဉ် မလိုက်သောကြောင့် စိတ်မထိန်းနိုင်ဖြစ်ကာ ပျားစစ်ကြောင်းဆိုသည့်အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံချက်ထုတ်ပြန်ထားသည်။

ဆရာတော်သည် သက်တော် (၄၈) နှစ် ဝါတော် (၂၈) ဝါရှိ ကျောင်းထိုင် ဆရာတော်တစ်ပါးဖြစ်ပြီး ပရဟိတလုပ်ငန်းများနှင့် စစ်ရှောင်များအား ကူညီနေသည့်အပြင် ရွှေဓမ္မရောင်ခြည် အခမဲ့လူမှုကူညီရေး အသင်းကို လည်း ဖွဲ့စည်းတည်ထောင်ထားသူဖြစ်ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလကလည်း ဖယ်ခုံမြို့နယ်တွင်းက KNDF ထိန်းချုပ်နယ်မြေဖြစ်သော လအိကျေးရွာအနီးရှိစေတီမှ ဗုဒ္ဓရုပ်ပွားဆင်းတုတော် (၁၆) ဆူအနက် (၈) ဆူတွင် ဦးခေါင်းတော်များ အဖြတ်ခံရသည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ဖူးသည်။

ထို့အတူ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်ကလည်း ဖယ်ခုံမြို့နယ်၊ မြို့ကုန်းရပ်ကွက်တွင် အမျိုးသား (၂) ဦး ကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ကိုးကား-NP News