ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီး အမေရိကန်နှင့် ဆွေးနွေးပွဲများ မတိုင်မီ ဆော်ဒီအာရေဗျသို့ သွားရောက်မည်

News Image

  • ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီး အမေရိကန်နှင့် ဆွေးနွေးပွဲများ မတိုင်မီ ဆော်ဒီအာရေဗျသို့ သွားရောက်မည်

ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီးသည် ရုရှားနှင့် စစ်ပွဲအဆုံးသတ်ရန် ယူကရိန်းနှင့် အမေရိကန် အရာရှိများအကြား ဆွေးနွေးပွဲမတိုင်မီ ဆော်ဒီ အာရေဗျ Crown Prince Mohammed bin Salman နှင့်တွေ့ဆုံရန် မတ်လ ၁၀ ရက်နေ့တွင် ဆော်ဒီအာရေဗျသို့ သွားရောက်မည် ဖြစ်သည်။

ယူကရိန်း၏ အဓိကမဟာမိတ်ဖြစ်ခဲ့သော အမေရိကန်သည် စစ်ပွဲ အမြန်အဆုံးသတ်ရန် ကြေညာချက်အရ ၎င်း၏ စစ်ပွဲကာလမူဝါဒများကို ပြောင်းလဲလိုက်ပြီး ကိယက်ဗ်အတွက် စစ်ရေးအကူအညီနှင့် ထောက်လှမ်းရေး မျှဝေမှုများကိုဖြတ်တောက်ကာ မော်စကိုနှင့် တိုက်ရိုက် ဆွေးနွေးနေကြောင်း သိရှိရသည်။

ဆော်ဒီအာရေဗျသည် ၂၀၂၂ ခုနှစ်တွင် ရုရှား-ယူကရိန်း ပဋိပက္ခ စတင်စဉ်ကတည်းက အကျဉ်းသားဖလှယ်ရေးကို ညှိနှိုင်းပေးခြင်းနှင့် လွန်ခဲ့သောလက ရုရှားနှင့် အမေရိကန်အကြား ဆွေးနွေးပွဲများကို အိမ်ရှင်အဖြစ်လုပ်ကိုင်ပေးခြင်းအပါအဝင် အမျိုးမျိုးသော ကြားဝင်ဖျန်ဖြေမှုများ လုပ်ဆောင်ခဲ့သည်။

အမေရိကန်နှင့် ယူကရိန်း အရာရှိများအကြား မတ်လ ၁၁ ရက်နေ့တွင် ကျင်းပမည့် ဆွေးနွေးပွဲသည် Zelenskyy နှင့် အမေရိကန်သမ္မတ Donald Trump တို့အကြား ဆက်ဆံရေးဆိုးရွားခဲ့ရသည့် Oval Office တွေ့ဆုံမှုအပြီး ပထမဆုံးသော တရားဝင် ဆွေးနွေးပွဲဖြစ်ပြီး နှစ်နိုင်ငံအကြား သတ္တုတူးဖော်ရေး သဘောတူညီချက်နှင့် စစ်ပွဲအဆုံးသတ်ရန် နည်းလမ်းများကို အဓိကထား ဆွေးနွေးမည်ဟု မျှော်မှန်းရသည်။

စစ်ပွဲကို အလျင်အမြန် အဆုံးသတ်လိုသည့် Trump ၏ ဖိအား ကြီးမားမှုကြောင့် Zelenskyy သည် အမေရိကန်မှ လုံခြုံရေးအာမခံချက်များ မရရှိသော်လည်း ၎င်းတို့နှစ်ဦးသည် တစ်သားတည်း ရှိနေကြောင်း ပြသရန်အားထုတ်နေရသည်။ ကိယက်ဗ်သည် မည်သည့် ငြိမ်းချမ်းရေး သဘောတူညီချက်အတွက်မဆို လုံခြုံရေးအာမခံချက်များသည် အရေးကြီးဆုံး ဖြစ်သည်ဟု မှတ်ယူထားသည်။

အမေရိကန်နှင့် အရေးပါသော ဆွေးနွေးပွဲများမတိုင်မီ ယူကရိန်းသမ္မတ Volodymyr Zelenskyy သည် ဆော်ဒီအာရေဗျသို့ သွားရောက်ခြင်းဖြင့် ရုရှားနှင့် ဖြစ်ပွားနေသော ပဋိပက္ခကာလအတွင်း နိုင်ငံတကာ ထောက်ခံမှုရရှိရန် ယူကရိန်း၏ ကြိုးပမ်းမှုများကို မီးမောင်းထိုးပြနေသည်။ အဆိုပါ ခရီးစဉ်သည် သံတမန်ရေးရာ ဆက်ဆံရေးများ ခိုင်မာစေရန်၊ စီးပွားရေး သို့မဟုတ် လူသားချင်းစာနာမှု အကူအညီများ ရှာဖွေရန်နှင့် ဆော်ဒီအာရေဗျနှင့် အခြားပင်လယ်ကွေ့နိုင်ငံများထံမှ ထောက်ခံမှုရရှိရန် ရည်ရွယ်ဟန်ရှိသည်။

ကိုးကား-CNA

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ဒုတိယညွှန်ကြားရေးမှူး၊နစက-၂