တရုတ်နိုင်ငံက အိန္ဒိယ-ပါကစ္စတန် တင်းမာမှုများကို ဖြေလျှော့ပေးရန် ကူညီမည်ဟု ကမ်းလှမ်း
တနင်္ဂနွေနေ့ (ဧပြီ ၂၇) က ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar နှင့် ဖုန်းဆက်ပြောကြားစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံအနေဖြင့် သည်းခံခြင်းဖြင့် တင်းမာမှု လျှော့ချရန် တိုက်တွန်းခဲ့သည်။
၎င်းက “ပဋိပက္ခသည် အိန္ဒိယ သို့မဟုတ် ပါကစ္စတန်အတွက် အကျိုး မဖြစ်ထွန်းစေဘဲ၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကိုလည်း ထိခိုက် စေမည်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် ဝမ်ယိက “အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန်မှာ နိုင်ငံတိုင်း၏ တာဝန်ဖြစ်သည်” ဟုဆိုကာ တရုတ်နိုင်ငံအနေဖြင့် ပါကစ္စတန်၏ အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းများကို ဆက်လက်ထောက်ခံမည် ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi က သောကြာနေ့ (ဧပြီ ၂၅) တွင် ရာစုနှစ်များစွာကတည်းက ရှိခဲ့သည့် ယဉ်ကျေးမှု ဆက်နွှယ်မှု များကို ကိုးကားပြီး အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့အား “ညီအစ်ကို နိုင်ငံများ” အဖြစ် ရည်ညွှန်းကာ အီရန်နိုင်ငံအနေဖြင့် ဒေသတွင်း တင်းမာမှုများ လျော့ပါးစေရန် ကူညီဆောင်ရွက်ပေးလိုကြောင်း ပြောကြားခဲ့သည်။
ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး Prince Faisal bin Farhanကလည်း ဧပြီ ၂၆ ရက်(သောကြာနေ့)တွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar နှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar တို့နှင့် သီးသန့်ဖုန်းဆက်ပြောကြားခဲ့သည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂