ထရမ့်က ဇီလန်စကီး နုတ်ထွက်စေချင်

News Image

  • ထရမ့်က ဇီလန်စကီး နုတ်ထွက်စေချင်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗလာဒီမာဇီလန်စကီးအား ယူကရိန်း ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်သင့်ကြောင်း ၎င်း၏လက်ထောက်များအား သီးသန့်ပြောကြားခဲ့သည်ဟု NBC သတင်းဌာနက အမေရိကန် အစိုးရအရာရှိတစ်ဦး၏ပြောကြားချက်ကိုကိုးကားပြီး ဖော်ပြခဲ့သည်။

အဆိုပါသတင်းသည် အမေရိကန်အရာရှိကြီးများနှင့် ဇီလန်စကီး၏ ကိုယ်စားလှယ်အဖွဲ့တို့အကြား ဆော်ဒီအာရေဗျနိုင်ငံ ဂျီဒါမြို့၌ မတ်လ ၁၁ ရက်(အင်္ဂါ)နေ့တွင် ကျင်းပမည့် ညှိနှိုင်းဆွေးနွေးပွဲမတိုင်မီ ထွက်ပေါ် လာခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio၊ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Mike Waltz နှင့် ထရမ့်၏ အရှေ့ အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် Steve Witkoff တို့သည် Andrey Yermak ဦးဆောင်သည့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့နှင့် သုံးနှစ်ကြာ ပဋိပက္ခအဆုံးသတ်ရန် ဆွေးနွေးမည်ဖြစ်သည်။

ထရမ့်သည် ဇီလန်စကီး၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာ သဘောထားပြောင်းလဲမှုကို တွေ့မြင်လိုပြီး နယ်မြေအခွင့်အရေးများကိုလျှော့ပေးရန် သဘောထားပါဝင်ကြောင်း အမေရိကန်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးနှင့် အခြားအမေရိကန်အရာရှိတစ်ဦးတို့၏ပြောဆိုချက်များကို ကိုးကားကာ မတ်လ ၉ ရက်နေ့တွင် ထုတ်ဝေခဲ့သည့် NBC ၏ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။

ထရမ့်က ဇီလန်စကီးသည် သမ္မတရွေးကောက်ပွဲကျင်းပရန်နှင့် နိုင်ငံ့ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ရန် အဆင်သင့်ဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ရုရှားနှင့် ပဋိပက္ခအတွင်း စစ်အုပ်ချုပ်ရေးကြေညာထားခြင်းကို အကြောင်းပြကာ ရွေးကောက်ပွဲအသစ်ကျင်းပရန် ငြင်းဆန်ခဲ့သည့် ဇီလန်စကီး၏ သမ္မတသက်တမ်းသည် ၂၀၂၄ ခုနှစ်၊ မေလတွင် တရားဝင် ကုန်ဆုံးခဲ့သည်။

ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဇီလန်စကီးအား တရားဝင်နိုင်ငံခေါင်းဆောင်တစ်ဦးအဖြစ် မော်စကိုက မသတ်မှတ်သော်လည်း ဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ဖေဖော်ဝါရီလတွင် ပြောကြား ခဲ့သည်။

Kiev International Institute of Sociology ၏ နောက်ဆုံး လေ့လာချက်အရ ယူကရိန်းခေါင်းဆောင်၏ ထောက်ခံမှုရာခိုင်နှုန်းသည် ၆၈% ရှိပြီး ဖေဖော်ဝါရီလကုန်ပိုင်းက အိမ်ဖြူတော်၌ ထရမ့်နှင့် အမေရိကန် ဒုသမ္မတ J.D. Vance တို့နှင့် အပြန်အလှန်ငြင်းခုံပြီးနောက် ထိုကိန်းဂဏန်းများ သိသိသာသာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂