အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကိယက်ဗ်အနေဖြင့် ရုရှားသိမ်းပိုက်ထားသော နယ်မြေ ၂၀% ကိုစွန့်လွှတ်ရမည်ဟုဆို

News Image

  • အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကိယက်ဗ်အနေဖြင့် ရုရှားသိမ်းပိုက်ထားသော နယ်မြေ ၂၀% ကိုစွန့်လွှတ်ရမည်ဟုဆို

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အမေရိကန်နှင့် ယူကရိန်း အရာရှိများကြား ဆော်ဒီအာရေဗျ၌ မတ်လ ၁၁ ရက် (အင်္ဂါ) နေ့က ကျင်းပသည့် အစည်းအဝေး၏ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးသဘောတူညီချက်တွင် ကိယက်ဗ်မှ မည်သည့်လိုက်လျောမှုများ ပေးနိုင်သည်ကို အသေးစိတ်သိရှိရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရူဘီယိုက မည်သည့်လျှော့ပေါ့မှုများကို ဆိုလိုသည်ဟု မဖော်ပြသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသည် ၎င်း၏ နယ်မြေ အချို့ကို စွန့်လွှတ်ရနိုင်ကြောင်း ထပ်ခါတလဲလဲ အကြံပြုခဲ့သည်။

ရုရှားတပ်များသည် လက်ရှိတွင် ယူကရိန်း၏ နယ်မြေ ၂၀% နီးပါးကို သိမ်းပိုက်ထားပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ခဲ့သည့် ပဋိပက္ခ မတိုင်မီ မော်စကိုထိန်းချုပ်ထားသည့် ၇% ခန့်မှ တိုးလာခြင်းဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က မော်စကိုသည် ယူကရိန်း၏ အရှေ့ပိုင်း ဒွန်နက်စ်ခ်၊ လူဟန့်စ်ခ်၊ ခေရဆန်နှင့် ဇာပိုရီဇီဇီးယားဒေသများကို လုံးဝ ထိန်းချုပ်ရန် လိုလားကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။

အမေရိကန်အခြေစိုက် စစ်ရေးလေ့လာရေးအဖွဲ့ Institute for the Study of War ၏ အဆိုအရ ရုရှားသည် လက်ရှိတွင် လူဟန့်စ်ခ်ဒေသ၏ ၉၉%၊ ဒွန်နက်စ်ခ်ဒေသ၏ ၇၀% နှင့် ခေရဆန်နှင့် ဇာပိုရီဇီ ဇီးယား ဒေသ များ၏ ၇၅% ခန့်ကို သိမ်းပိုက်ထားသည်။

မော်စကိုက အဆိုပါဒေသများကို “ရုရှား၏ နယ်မြေသစ်များ” ဟု ခေါ်ဆိုပြီး ထိုဒေသများရှိ ပြည်သူများသည် ရုရှားနှင့်ပူးပေါင်းရန် ဆန္ဒခံယူပွဲများ ကျင်းပခဲ့သည်။

အဆိုပါဒေသများတွင် ကလေးငယ် ၁ သန်းအပါအဝင် လူဦးရေ ၆ သန်း ခန့် နေထိုင်လျက်ရှိကြောင်းသိရှိရသည်။

ကိုးကား-CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂