အီရန်က အမေရိကန်၏ လက်မခံနိုင်သော နျူကလီးယား တောင်းဆိုချက်ကို ပယ်ချ
အိုမန်နိုင်ငံတွင် ကျင်းပသည့် နောက်ဆုံးအဆင့် အပြေးအလွှား ဆွေးနွေးပွဲ များအတွင်း အီရန်သမ္မတ Masoud Pezeshkian က ၎င်း၏နိုင်ငံ၏ နျူကလီးယား အခြေခံအဆောက်အအုံများကို ဖျက်သိမ်းရန် အမေရိကန်၏ အဓိက တောင်းဆိုချက်ကို ပယ်ချခဲ့သည်။ ၎င်းက အီရန်၏ နျူကလီးယား လုပ်ဆောင်ချက်များသည် ငြိမ်းချမ်းရေးရည်ရွယ်ချက်သာ ဖြစ်ကြောင်း ဇောင်းပေးပြောဆိုခဲ့သည်။
တနင်္ဂနွေနေ့ (မေ ၁၁) က ကျင်းပသည့် ဝန်ကြီးအဖွဲ့ အစည်းအဝေးတွင် သမ္မတ Pezeshkian က တီဟီရန်သည် ဝါရှင်တန်နှင့် ပြန်လည် ထိတွေ့ ဆက်ဆံရေးအတွက် “အလေးအနက်” ရှိကြောင်း ပြောကြားခဲ့သည်။ “ငြိမ်းချမ်းရေးကို လိုလားသောကြောင့် မိမိတို့အနေဖြင့် အလေးအနက် ထားကာ ညှိနှိုင်းဆွေးနွေးနေပါသည်” ဟု ၎င်းက ဆိုသည်။
သို့သော် နျူကလီးယား အခြေခံအဆောက်အအုံနှင့်ပတ်သက်သည့် အမေရိကန် ၏ တောင်းဆိုချက်ကို ပယ်ချလိုက်ပြီး “လက်မခံနိုင်” ဟု သတ်မှတ်ခဲ့သည်။ ထို့ပြင် အီရန်သည် “အဆိုပါငြိမ်းချမ်းသော လုပ်ဆောင်ချက်များကို အားကောင်းစွာ ဆက်လက်လုပ်ဆောင်သွားမည်” ဟု ၎င်းက အတိအလင်း ပြောကြားခဲ့သည်။
ထိုအတောအတွင်း အီရန်၏ နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က အိုမန်နိုင်ငံ မတ်စ်ကတ်တ်မြို့တွင် အမေရိကန်နှင့် ပြုလုပ်သည့် ဆွေးနွေးပွဲ များတွင် တိုးတက်မှုရှိကြောင်း ပြောကြားခဲ့ပြီး နှစ်ဖက်စလုံးသည် “ပိုမို ကောင်းမွန်သော နားလည်မှု” ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
“စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲသည် ယခင်အကြိမ်သုံးကြိမ်ထက် ပိုမို အလေးအနက်ထားပြီး ပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်ခဲ့ပါသည်” ဟု Araghchi က သတင်းထောက်များအား ပြောကြားခဲ့သည်။ “ယခင်က အထွေထွေအခြေအနေများကိုသာ ဆွေးနွေးခဲ့ရာမှ အခုအခါတွင် ပိုမို အသေးစိတ်ကျသော ကိစ္စရပ်များကို စတင်ဆွေးနွေးနိုင်ခဲ့ပြီ” ဟု ၎င်းက ဆိုသည်။ ထို့ပြင် ယခင်ဆွေးနွေးပွဲများကို “အပြုသဘောဆောင်သော” ဆွေးနွေးပွဲများအဖြစ် သုံးသပ်ခဲ့သည်။
Araghchi က ယူရေနီယမ် ချဲ့ထွင်ခြင်းနှင့် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းခြင်းတို့သည် အီရန်၏ သဘောထားအတွက် အလွန်အရေးကြီးကြောင်း အားလုံး သိအောင် ပြောကြားခဲ့သည်။ “မိမိ၏ အမြင်အရ ယူရေနီယမ် ချဲ့ထွင်ခြင်းသည် မုချဆက်လက်လုပ်ဆောင်ရမည့် ကိစ္စရပ်ဖြစ်ပြီး ထိုနေရာတွင် လုံးဝ အရှုံးပေးမည် မဟုတ်ပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ သို့သော် ယုံကြည်မှု တည်ဆောက်ရေး ရည်ရွယ်ချက်ဖြင့် ချဲ့ထွင်မှု၏ အဆင့်နှင့် အတိုင်းအတာ ကို အချို့သော ကန့်သတ်ချက်များနှင့် လုပ်ဆောင်နိုင်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။
အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက အီရန်၏ ယူရေနီယမ်ချဲ့ထွင်မှု လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေပြီး ထိုလုပ်ငန်းစဉ်များသည် အီရန်အား လက်နက်အဆင့်မီ ယူရေနီယမ်ကို အလျင်အမြန် ထုတ်လုပ် နိုင်ရန် အခြေအနေဖန်တီးပေးနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ တီဟီရန်ကမူ ၎င်းတို့သည် နျူကလီးယားဗုံးထုတ်လုပ်ရန် ကြိုးစားနေသည် ဟူသော စွပ်စွဲချက်များကို အကြိမ်ကြိမ်ငြင်းဆိုခဲ့သည်။
ဆွေးနွေးပွဲနှင့်ပတ်သက်၍ အမည်မဖော်လိုသော အမေရိကန် အကြီးတန်း အရာရှိတစ်ဦးက CNN သို့ “ဆွေးနွေးပွဲများသည် တိုက်ရိုက်နှင့် သွယ်ဝိုက်သော နည်းလမ်းနှစ်မျိုးဖြင့် ထပ်မံကျင်းပခဲ့ပြီး ဝါရှင်တန်သည် ယနေ့ရရှိခဲ့သော ရလဒ်ကို အားရကျေနပ်မှုရှိပြီး အနာဂတ်တွင် ကျင်းပမည့် နောက်ထပ် အစည်းအဝေးကို မျှော်လင့်နေကြောင်း” ပြောကြားခဲ့သည်။ ထို့ပြင် နှစ်ဖက်စလုံးသည် ယခုအခါ “နည်းပညာဆိုင်ရာ အချက်အလက်များ” ကို အဓိက ထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန်သည် ၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့သော အီရန် နျူကလီးယား သဘောတူညီချက်မှ သုံးနှစ်အကြာတွင် တစ်ဖက်သတ်ထွက်ခွာခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အား နျူကလီးယားလက်နက်များ ရရှိခြင်းမှကာကွယ်ရန် ထိုသဘောတူညီချက်က အထောက်အကူမပြု ဟု ငြင်းဆိုခဲ့သည်။ ထိုသဘောတူညီချက်တွင် အီရန်၏ နျူကလီးယား လုပ်ငန်းစဉ်များကို ကန့်သတ်ရန် သဘောတူညီမှုအပေါ် အခြေခံ၍ အီရန် အပေါ်မှ အရေးယူပိတ်ဆို့မှုများ လျှော့ချပေးရန် ပါဝင်ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂