နှစ်စဉ်ပြုလုပ်မြဲဖြစ်သည့် တရုတ်-ရုရှား-အီရန် (၃) နိုင်ငံ ရေတပ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုစတင်
ယခုနှစ်အစောပိုင်း သမ္မတဒေါ်နယ်ထရမ့် စတင်တာဝန်ထမ်းဆောင်ချိန်မှစ၍ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများ ပြောင်းလဲဖြစ်ပေါ်လာချိန်တွင် တရုတ်၊ ရုရှားနှင့် အီရန်တို့သည် ၎င်းတို့၏ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရေးအတွက် နှစ်စဉ်ပြုလုပ်မြဲဖြစ်သည့် (၃) နိုင်ငံ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို မတ်လ (၉)ရက်နေ့တွင် အိုမန်ပင်လယ်ကွေ့အနီး၌ စတင်လုပ်ဆောင်ခဲ့ကြောင်း တရုတ်နှင့် အီရန်နိုင်ငံတို့၏ နိုင်ငံပိုင် သတင်းဌာနများက ထုတ်ပြန်ကြေညာခဲ့ပါသည်။
အဆိုပါစစ်ရေးလေ့ကျင့်မှုအား မတ်လ (၁၄) ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံမှ ပဲ့ထိန်းဒုံးတပ်ဆင်ထားသည့် ဖျက်သင်္ဘော (၁)စီး၊ ရုရှားနိုင်ငံမှ corvette အမျိုးအစား စစ်သင်္ဘောများနှင့် အီရန်နိုင်ငံမှ ဖျက်သင်္ဘောများအပါအဝင် စစ်သင်္ဘော(၁၀)စီးကျော်ပါဝင်လေ့ကျင့်လျက်ရှိသည်။
စစ်ရေးလေ့ကျင့်မှုသည် ပင်လယ်ရေကြောင်းပစ်မှတ်များအပေါ် တိုက်ခိုက်ချေမှုန်းခြင်း၊ ပင်လယ်ဓားပြ ချေမှုန်းခြင်း၊ ပူးတွဲရှာဖွေကယ်ဆယ်ရေးနှင့် အခြားသော ပူးတွဲလေ့ကျင့်မှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။
စစ်ရေးလေ့ကျင့်မှုတွင် တောင်အာဖရိက၊ ပါကစ္စတန်၊ အိုမန်နှင့် အခြားသောနိုင်ငံများသည်လည်း လေ့လာသူများအဖြစ် ပါဝင်လျက်ရှိကြောင်း တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ပါဝင်လေ့ကျင့်လျက်ရှိသည့် နိုင်ငံများအကြား ယုံကြည်မှုပိုမိုခိုင်မာစေမည့်အပြင် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုအားကောင်းစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း တရုတ်ရေတပ်က ထုတ်ဖော်ပြောကြားခဲ့မှုကို NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား-NHK World
အလွတ်သဘောဘာသာပြန်သူ-ဦးထက်ထက်အောင်(နစက-၄)