Musk က Tesla ကုမ္ပဏီထုတ်လုပ်မှုကို နှစ်နှစ်အတွင်း နှစ်ဆတိုးမည် ဟုဆို
Tesla ကုမ္ပဏီ၏ စီအီးအို Elon Musk က အမေရိကန်ပြည်ထောင်စု၌ လာမည့်နှစ်နှစ်အတွင်း ကားထုတ်လုပ်မှုကို နှစ်ဆတိုးမည်ဟု ပြောကြား လိုက်သည်။
Musk နှင့် အမေရိကန်သမ္မတ Trump တို့ မတ်လ ၁၁ ရက်နေ့က Tesla ကုမ္ပဏီထုတ် ကားများကို ကြည့်ရှုစဉ် သတင်းထောက်များနှင့် တွေ့ဆုံ ရာ၌ ထရမ့်က မက်အား ၎င်း၏ထောက်ခံမှုကို အားပေးစကားပြောဆိုစဉ် “မက်သည် အမေရိကန်ပြည်ထောင်စုအတွက် စိတ်အားထက်သန်တက်ကြွသူဖြစ်သကဲ့သို့ Tesla ကုမ္ပဏီတွင်လည်း အံ့သြဖွယ်ကောင်းသောအလုပ်များကို လုပ်ခဲ့သူဖြစ်သည်” ဟု ပြောကြားခဲ့သည်။ ထို့အပြင် ထရမ့်က ၎င်းကိုယ်တိုင်လည်း Tesla ကုမ္ပဏီထုတ် ကားတစ်စီးကို ဝယ်ယူသွားမည်ဟု ဆိုသည်။
မက်ကလည်း “သမ္မတကြီး ထရမ့်နှင့် ၎င်း၏အစိုးရအဖွဲ့၏ မူဝါဒကောင်းများကြောင့် အမေရိကန်ပြည်ထောင်စုအပေါ် ယုံကြည်မှုအနေဖြင့် Tesla ကုမ္ပဏီသည် လာမည့်နှစ်နှစ်အတွင်း အမေရိကန်ပြည်ထောင်စု၌ ကား ထုတ်လုပ်မှုကို နှစ်ဆတိုးသွားမည်” ဟု ပြောကြားခဲ့သည်။
အစိုးရဌာနများတွင် အလုပ်သမားအင်အားလျှော့ချခြင်းနှင့် အသုံးစရိတ်များ လျှော့ချခြင်းကို ဦးဆောင်နေသူ မက်နှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီများကို ထရမ့်က ဦးစားပေးသည့်ပုံရသည်ဟု ဝေဖန်မှုများ ရှိနေသည်။
NBC သတင်းဌာနက “အစိုးရအကြီးအကဲတစ်ဦးအနေဖြင့် ထုတ်ကုန်တစ်ခုအား ဤမျှ ရှင်းရှင်းလင်းလင်း ထောက်ခံခြင်းသည် ရှားပါးလွန်းကြောင်း၊ သမ္မတတစ်ဦးအနေဖြင့်ဆိုပါက ကြုံထောင့်ကြုံခဲ အခိုက်အတန့်ပင် ဖြစ်သည်” ဟု ဆိုသည်။
အမေရိကန်နိုင်ငံသားအချို့က မက်နှင့် တက်စလာကုမ္ပဏီကို ကန့်ကွက်သည့်အနေဖြင့် Tesla Showroom များနှင့် Tesla Charging Station များကို ဖျက်ဆီးမှုများရှိခဲ့ပြီး ကုမ္ပဏီ၏ စတော့ရှယ်ရာဈေးနှုန်းလည်း ထိုးကျခဲ့သည်။
ကိုးကား-NHK World
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂